ရှေ့သို့
Image

ဆန်ချိုနဲ့ ဗန်ဒီဘိခ်တို့ ယူနိုက်တက်မှာ ဘာကြောင့်ရုန်းကန်ခဲ့ရလဲဆိုတာ ရှင်းပြလိုက်တဲ့ နည်းပြတန်ဟက်

12:52 PM, 8 January

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ဂျေဒန်ဆန်ချိုနဲ့ ဒွန်နီဗန်ဒီဘိခ်တို့ အိုးလ်ထရက်ဖို့ဒ်မှာ ဘာကြောင့် ရုန်းကန်ခဲ့ရလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

တန်ဟက်က ယူနိုက်တက်ကစားသမားတွေဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ဖိအားကို ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်လို့ ယုံကြည်နေပြီး ယခုအခါမှာ ဆန်ချိုဟာ ယူနိုက်တက်မှာ ရှိနေတဲ့ သူ့ရဲ့အလားအလာကို ပုံဖော်နိုင်ခြင်းမရှိဘဲ  ဗန်ဒီဘိခ်လိုပဲ အသင်းမှ ထွက်ခွာဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

နယ်သာလန်သားဟာ အေဂျက်စ်ကို ကိုင်တွယ်နေစဉ်မှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ဗန်ဒီဘိခ်နဲ့အတူ တက်ရောက်နိုင်ခဲ့သော်လည်း ယူနိုက်တက်မှာတော့ ကွင်းလယ်လူကို လိဂ်ပွဲစဉ် နှစ်ပွဲလောက်သာ ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှာလည်း ကစားသမားဟာ တန်ဟက်ရဲ့အသင်း အတွက် စုစုပေါင်း ၂၁ မိနစ်သာ ပါဝင်ကစားခွင့်ရထားတာကြောင့် လက်ရှိမှာ ဖရန့်ဖတ်ဆီ အငှားစာချုပ်ဖြင့် ထွက်ခွာသွားခဲ့ပါပြီ။

အလားတူ ဆန်ချိုမှာလည်း ကလပ်အသင်းနှစ်ခုအကြား မူအားဖြင့် သဘောတူညီမှု ရရှိပြီးနောက် ဒေ့ါမွန်ဆီ အငှားဖြင့် ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်လာနေပါတယ်။ ယူနိုက်တက်မှာ ကစားသမားတွေ ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး တန်ဟက်က ဘောလုံးသမားတိုင်းဟာ မန်ချက်စတာယူနိုက်တက်ကလွဲပြီး ဘယ်အသင်းမှာမဆို ဖိအားနည်းပါးစွာဖြင့် ကစားနိုင်မယ်လို့ ပြောကြားလာခဲ့ပါတယ်။

သူက “ကစားသမားတွေအနေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်အပေါ် ဘယ်လောက်ပဲယုံကြည်မှုရှိရှိ ကျွန်တော် ပြောချင်တာတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ပရီးမီးယားလိဂ်က အရမ်းခက်ပါတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်မှာ ကစားရတာထက်စာရင် အခြားအသင်းမှာ ကစားရတာက သူတို့အတွက် ပိုလွယ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက ဖိအားတွေအမြဲတမ်း မြင့်တက်နေလို့ပါ။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိရင်တော့ ဖိအားတွေက သူတို့အတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်စေပြီး ယူနိုက်တက်ကလည်း ကစားသမားတစ်ဦး အတွက် အသင့်တော်ဆုံး ကလပ်အသင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါက ကစားသမားရဲ့ စရိုက်၊ ပင်ကိုယ်အရည်အသွေးနဲ့ ခံယူချက်အပေါ်မှာပဲ မူတည်ပါတယ်” လို့ ရှင်းပြပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ အထိ အကုန်အကျခံပြီး ယူနိုက်တက်ဆီ ခေါ်ယူခဲ့တဲ့ ဗန်ဒီဘိခ်ဟာ အေဂျက်စ်မှာရှိနေစဉ်ကာလအတွင်း လက်တွဲခဲ့ဖူးတဲ့ ကစားသမားမျိုး မဟုတ်တော့ဘူးလို့ တန်ဟက်က ဝန်ခံပြောဆိုလိုက်ပါတယ်။

တန်ဟက်က “ပထမဦးဆုံးအဖြစ် ဗန်ဒီဘိခ်မှာ ဒဏ်ရာပြဿနာတွေအများကြီး ရှိခဲ့ပါတယ်။ ကျွန်တော် အသင်းဆီ မရောက်ရှိလာခင် သူက အခြားနည်းပြတွေ လက်အောက်မှာ ကစားခဲ့ရပါတယ်။ လက်ရှိမှာတော့ ကျွန်တော်နဲ့ နှစ်နှစ်လောက် လက်တွဲအလုပ်လုပ်ခဲ့ကြတာပေါ့။ သူက အငှားလည်း ထွက်ကစားခဲ့ဖူးပါတယ်။ အမှန်တကယ်တော့ ကျွန်တော် ယူနိုက်တက်ဆီ ရောက်ရှိလာတဲ့ ပထမဆုံး အခိုက်အတန့်ကစပြီး သူက အေဂျက်စ်မှာလက်တွဲခဲ့ဖူးတဲ့ ကစားသမား မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် ဖြစ်ပါတယ်။ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဗန်ဒီဘိခ်က ယူနိုက်တက်အတွက် ပွဲထွက်ကစားနိုင်ဖို့ အမြဲတမ်းရုန်းကန်ခဲ့ရပါတယ်။ ဒါကပဲ အသင်း အတွက် ဗန်ဒီဘိခ် မကစားပေးနိုင်တဲ့ အကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော်တို့ သူ့ကိုအငှားချဖို့ စီစဉ်ခဲ့ပေမယ့် လက်တွေ့ဖြစ်မလာခဲ့သလို အခြားကစားသမားတွေလည်း ရှိလာခဲ့တာကြောင့် သူ့အတွက် ပွဲကစားချိန်ရရှိဖို့ အခွင့်အရေး နည်းပါးသွားခဲ့ပါတယ်။ ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရရှိရေးတိုက်ပွဲက အရမ်းပြင်းထန်ပါတယ်” လို့ ဆက်ပြောခဲ့ပါတယ်။

မနက်ဖြန်မနက်ပိုင်းမှာတော့ ယူနိုက်တက်က အက်ဖ်အေဖလားပွဲစဉ်အဖြစ် ဝီဂန်အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိပြီး နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟွိုက်လန်းစ် ပြန်ကစားပေးနိုင်မယ်လို့ တန်ဟက်က မျှော်လင့်နေပါတယ်။

ဒါပေမယ့် ကတ်စ်မဲရိုးနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကတော့ အသင်း အတွက် ပြန်လည်ကစားနိုင်ဖို့ သီတင်းပတ်အနည်းငယ်လောက် စောင်းဆိုင်းရဦးမယ်လို့ သိရပါတယ်။ ကတ်စ်မဲရိုးက နိုဝင်ဘာ ၁ ရက်ကတည်းက အသင်းအတွက် ကစားပေးနိုင်ခြင်း မရှိတော့သလို လီဆန်ဒရိုမာတီနက်ဇ်ကလည်း စက်တင်ဘာလကတည်းကပင် ဒဏ်ရာပြဿနာကြောင့် အနားယူနေခဲ့ရတာပါ။

တန်ဟက်က “သူတို့တွေ ဘောလုံးကွင်းမြက်ခင်းပြင်နဲ့ကာလရှည်ကွာဝေးခဲ့ကြပြီး အခုချိန်မှာ လေ့ကျင့်မှုတွေပြန်လည် ပြုလုပ်နေတယ်ဆိုပေမယ့် လေ့ကျင့်ရေးအပြည့် ဆင်းနိုင်ခြင်းတော့ မရှိသေးပါဘူး။ သူတို့အတွက် နောက်တစ်ဆင့် လေ့ကျင့်ပြင်ဆင်နိုင်ဖို့ဆိုတာ ရက်အနည်းငယ်လောက်တော့ ကြာမြင့်နေဦးမှာပါ။ သီတင်းပတ်တွေအထိတောင် ကြာမြင့်သွားနိုင်ပါတယ်” လို့ ရှင်းပြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ် #ဆန်ချို #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်