ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ အာနိုးလ်ကို ချီးကျူးစကားဆိုလိုက်တဲ့ ယာဂန်ကလော့ပ်

11:06 AM, 8 January

ယမန်နေ့ညပိုင်း၊ အာဆင်နယ်အသင်းကို အမ်းမရိတ်စ်ကွင်းမှာ ဝ-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အတွင်း ခြေစွမ်းပြသခဲ့တဲ့ အာနိုးလ်ကို လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ချီးကျူးပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်မှာ အသင်းခေါင်းဆောင်ဗန်ဒိုက် အဖျားဝေဒနာကြောင့် မပါဝင်နိုင်ခဲ့လို့ လက်ထောက်ကပ္ပတိန်ဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားက အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံခဲ့ရပြီး လီဗာပူးရဲ့ ဦးဆောင်ဂိုးမှာလည်း ကြီးမားတဲ့ ပါဝင်ပတ်သက်မှုကို ပြသခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာတော့ ယာဂန်ကလော့ပ်က အာနိုးလ်ရဲ့ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကောင်းကို အသိအမှတ်ပြုချီးကျူးစကား ဆိုလိုက်ပါတယ်။

ကလော့ပ်က “အာနိုးလ်အတွက်တော့ တကယ့်ကို ပွဲကောင်းတစ်ခုပါ။ စကားမဆက် သူက နေရာစုံမှာ လိုက်လံအားဖြည့်ကစားပေးခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးအဆင့်အတန်းကိုလည်း ခင်ဗျားတို့တွေ မြင်တွေ့ကြရပါလိမ့်မယ်။ ကျွန်တော်တို့က ဒုတိယမြောက်ဂိုးကို တန်ပြန်တိုက်စစ်တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်လောက်နဲ့ ဒီထက်စောစောတောင် သွင်းယူနိုင်ခဲ့သင့်ပါတယ်။ အဲ့ဒီနေရာမှာတော့ ဘောလုံးပေးပို့မှုတွေ အနည်းငယ်လောကြီးနေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သရေပွဲစဉ်တစ်ခုကို အမှန်တကယ်ကို ရှောင်လွှဲခဲ့ချင်တာပါ။ အခုတော့ ကျွန်တော့်အတွက် နောက်ထပ်ဆုံးဖြတ်ချက်တွေ ချမှတ်နေဖို့ မလိုအပ်တော့တာ တကယ့်ကို ကောင်းပါတယ်။ အားလုံးကို လွှမ်းခြုံပြီး ပြောရမယ်ဆိုရင်တော့ ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်”

“အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ မဲခွဲရလဒ်က အတော်လေးကို ခက်ခဲစေပါတယ်။ ကျွန်တော်တို့ ကြုံတွေ့ဖူးသမျှ မဲခွဲမှုရလဒ်တွေအနက် အခက်ခဲဆုံးလို့တောင် ပြောလို့ရကောင်းရနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲကြိုအစီအမံအတိုင်းပဲ ကစားခဲ့ခြင်းနဲ့ အတူ အာဆင်နယ်ရဲ့ပွဲထွက်လူစာရင်းကလည်း အနည်းငယ်ကွဲပြားခဲ့ပါတယ်။ ဒါက အတော်လေးစမတ်ကျပါတယ်။ ဒါကြောင့် ပထမပိုင်း အပြီးမှာ အပြောင်းအလဲအချို့ လုပ်ခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲချိန်မှာတော့ ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဂိုးတွေလည်း သွင်းယူနိုင်သလို လူငယ်ကစားသမားလေးတွေကိုလည်း ပွဲကစားချိန်ပေးနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့တွေ ၉၅ မိနစ်လောက် ကစားခဲ့ရတာပါ။ လက်ရှိမှာတော့ ကျွန်တော်တို့မှာ ဆောင်းရာသီအားလပ်ရက် ရရှိလိုက်ပါပြီ။ အပြောင်းအလဲတွေလည်း ရှိလာမယ်ဆိုတာ သေချာပါတယ်။ ဒီနေ့မှာတော့ ကောင်လေးတွေကို ပွဲကစားခွင့်ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့တွေ ပြိုင်ဘက်ကို ကျော်ဖြတ်လိုက်နိုင်ပါပြီ။ ကျွန်တော် အရမ်းပျော်ရွှင်မိသလို ဒီနေ့ပွဲစဉ်ကို အနိုင်ရရှိလို့ အရမ်းကျေနပ်မိပါတယ်။ အာဆင်နယ်ကလည်း ဒီနေ့ပွဲစဉ်မှာ အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်ဆိုတာ သံသယမရှိလိုက်ပါနဲ့။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တု့ိအသင်းက အောင်အောင်မြင်မြင်ကျော်ဖြတ်ပြနိုင်ခဲ့ပြီး ကောင်လေးတွေရဲ့စရိုက်လက္ခဏာပိုင်းကလည်း ပြောစရာဖြစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းက ဖလားလေးလုံးလမ်းကြောင်းအပေါ် ဆက်လက်လျှောက်လှမ်းနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဖူလ်ဟမ်နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

#လီဗာပူး #အာဆင်နယ် #ကလော့ပ် #အာနိုးလ် #အက်ဖ်အေဖလား