ရှေ့သို့
Image

အိုလီစီအတွက် ဝမ်ဘစ်ဆာကာကိုပါ အလိုက်ပေးကမ်းလှမ်းမယ့် မန်ချက်စတာယူနိုက်တက်

10:16 AM, 7 January

မန်ချက်စတာယူနိုက်တက်က အိုလီစီအတွက် အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် ဝမ်ဘစ်ဆာကာကိုပါ ထည့်သွင်းပြီး ခရစ္စတယ်ပဲလေ့စ်ဆီ ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

Daily Star သတင်းဌာနရဲ့အဆိုအရ ဝမ်ဘစ်ဆာကာဟာ နွေရာသီကာလမှာ ခရစ္စတယ်ပဲလေ့စ်ဆီ ပြန်လည်ရောက်ရှိလာဖွယ်ရှိသလို လန်ဒန်အခြေစိုက်ကလပ်ကလည်း သူ့ကို ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


မန်ချက်စတာယူနိုက်တက်က ဆာဂျင်ရက်ကလစ်ရဲ့ ပေါင် ၁ ဒဿမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမှုအပြီးမှာ အသင်းလူစာရင်းပိုင်းကို အင်အားတောင့်တင်းလာစေဖို့ ရည်ရွယ်ချက်ရှိနေပါတယ်။ ဆာဂျင်ရက်ကလစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အခုအချိန်ထိတော့ အတည်ပြုလက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။


အခုဘောလုံးရာသီ၊ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ် ကိုးပွဲကစား၊ ငါးဂိုးသွင်းယူထားတဲ့ အိုလီစီက ယူနိုက်တက်ရဲ့ပစ်မှတ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။

ယူနိုက်တက်ဘက်ကလည်း အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ဝမ်ဘစ်ဆာကာရဲ့စာချုပ်သက်တမ်းကို တစ်နှစ်သက်တမ်းတိုးဖို့ လတ်တလောမှာ ဆုံးဖြတ်ထားခဲ့ပါတယ်။


ဝမ်ဘစ်ဆာကာက အကယ်ဒမီကစားသမားဘဝကို လန်ဒန်အခြေစိုက်ကလပ်အသင်းမှာ ဖြတ်သန်းပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်းမှာပဲ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့ပါတယ်။ သူက ပဲလေ့စ်အတွက် စီနီယာအဆင့် ၄၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ညာနောက်ခံလူက မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဖြင့် ​​ရောက်ရှိလာခဲ့ပြီး သရဲနီတွေအတွက် ၁၇၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပေမယ့် မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။


အိုလီစီကလည်း ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာ ပဲလေ့စ်နဲ့ ချုပ်ဆိုခဲ့ပါတယ်။

အသက်-၂၂ နှစ်အရွယ် အိုလီစီရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ခြေစွမ်းပိုင်းတွေက အပြောင်းအရွှေ့သာ တရားဝင်ဖြစ်မြောက်လာမယ်ဆိုရင် ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းကို ပြန်လည်နုပျိုလန်းဆန်းလာအောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။


#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ပရီးမီးယားလိဂ် #အိုလီစီ