ရှေ့သို့
Image

ဒေါ့မွန်သို့ ပြောင်းရွှေ့မယ့် ဆန်ချိုရဲ့ အငှားစာချုပ်ကို အပြီးသတ်ဖို့ကြိုးစားနေတဲ့ ယူနိုက်တက်

8:53 AM, 6 January

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ဒေါ့မွန်သို့ အငှားနဲ့စေလွှတ်မှာဖြစ်ပြီး ယခုအခါမှာတော့ အငှားစာချုပ်ရဲ့ သဘောတူညီချက်ကို အဆုံးသတ်ဖို့ကြိုးစားနေပြီဖြစ်ပါတယ်။

BBC SPORTS ရဲ့ဖော်ပြချက်အရ ဆန်ချိုဟာ အသင်းဟောင်းနဲ့ ပြန်လည်ချိတ်ဆက်ပြီး ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ သဘောတူညီချက်ကို အဆုံးသတ်နိုင်ခြင်းမရှိသေးဘဲ ညှိနှိုင်းပြင်ဆင်ဖို့ လိုအပ်နေတဲ့ စာချုပ်နဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေရှိနေသေးတာဖြစ်ပါတယ်။

အသက်-၂၃ နှစ်အရွယ်တောင်ပံကစားသမားဟာ ၂၀၂၁ ခုနှစ်ဇူလိုင်လမှာ ဒေါ့မွန်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၇၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။  သို့သော်လည်း ယခုရာသီမှာတော့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်နဲ့ လူသိရှင်ကြားပြဿနာဖြစ်ပွားပြီး ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ပွဲထွက်နိုင်ခြင်းမရှိသလို စက်တင်ဘာလကတည်းက ယူနိုက်တက်ရဲ့စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

စက်တင်ဘာလက အာဆင်နယ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ တန်ဟက်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည်ညံ့ဖျင်းတာကြောင့် ချန်လှပ်ခဲ့တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပြီး ဆန်ချိုကလည်း အဆိုပါ ပြောကြားချက်တွေကို ငြင်းဆန်ပြီး တန်ဟက်က လိမ်ညာပြောဆိုခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်ကတည်း ဖြစ်ပေါ်လာခဲ့တဲ့ သူတို့၂ ‌‌ယောက်အကြားက အကွဲအပြဲဇာတ်လမ်းဟာ အခုချိန်ထိ အဆုံးမသတ်သေးပါဘူး။

အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာပြီးကတည်းက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတဲ့ ဆန်ချိုဟာ လက်ရှိယူနိုက်တက်အတွက် ၅၈ ပွဲကစား၊ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်သာပြုလုပ်ထားနိုင်ပါတယ်။ လက်ရှိဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဒေါ့မွန်အသင်းဟာ အသင်းရဲ့ကစားသမားဟောင်း ဆန်ချိုကို လက်ရှိရာသီဝက်လေ့ကျင့်ရေးစခန်းသို့ အလျင်အမြန်ပဲခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ဇန်နဝါရီလ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ အယ်လ်ခမာ၊ စတန်းဒန့်လိဂ်တို့နဲ့ ခြေစမ်းပွဲကစားသွားမှာဖြစ်ပြီး ၁၃ ရက်နေ့မှာတော့ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဒမ်စတက်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒေါ့မွန် #အပြောင်းအရွှေ့ #ဆန်ချို