ရှေ့သို့
Image

ယူနိုက်တက်နဲ့ မာရှယ်တို့အကြား စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေကို ထုတ်ဖော်ပြောကြားလာတဲ့ တန်ဟက်

2:24 PM, 5 January

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်မှူး အန်တိုနီမာရှယ်ကို အသင်းမှာ ဆက်လက်ထားရှိဖို့ ဆွေးနွေးမှုပြုလုပ်နေကြောင်း ပြောကြားခဲ့ပြီး ကစားသမားကလည်း အသင်းကနေ ထွက်ခွာဖို့ငြင်းဆန်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

မာရှယ်ရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်သော်လည်း စာချုပ်ပါစည်းကမ်းချက်အရ  ယူနိုက်တက်ဟာ ကစားသမားကို ၂၀၂၅ ခုနှစ်နွေရာသီအထိ နောက်ထပ်တစ်နှစ်သက်တမ်း တိုးခွင့်ရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ရာသီအတော်ကြာ ကြံ့ခိုင်မှုနဲ့ ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ မာရှယ်ကို ဆက်လက်သက်တမ်းတိုးဖွယ် မရှိဘူးလို့ ယူဆခဲ့ကြသော်လည်း ယခုအခါ့ တန်ဟက်ရဲ့ပြောကြားချက်အရ ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ အလားအလာများလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ကစားသမား ၃ ယောက်ကို နောက်ထပ် ၁ နှစ်စီ သက်တမ်းတိုးပြီးဖြစ်သော်လည်း နောက်ခံလူရာဖေးလ်ဗာရာနီကိုတော့ ဆွေးနွေးမှုူတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

တန်ဟက်က “ကျွန်တော်တို့ အန်တိုနီမာရှယ်၊ ရာဖေးလ်ဗာရာနီတို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဟန်နီဘယ်၊ ဗစ်တာလင်ဒီလော့ဖ်ရဲ့ ဝမ်ဘစ်ဆာကာတို့ကတော့ သက်တမ်းတိုးပြီးပါပြီ” လို့ ကြာသပေတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အသက်-၂၈ နှစ်အရွယ် မာရှယ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲပါဝင်ကစားပြီး ၂ ဂိုးသာ သွင်းယူထားနိုင်သော်လည်း အဆိုပါ ပွဲစဉ်တွေထဲမှ ၁၂ ပွဲဟာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မိုနာကိုမှ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာခဲ့တဲ့ ပြင်သစ်ကြယ်ပွင့်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာမရှိသော်လည်း ဖျားနာမှုကြောင့် ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ် ၅ ပွဲအထိ လွဲချော်ခဲ့ပါတယ်။

အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကလည်း အသင်းဟောင်း ဒေါ့မွန်သို့ အငှားစာချုပ်နဲ့ ရောက်ရှိဖို့နီးစပ်နေပြီလို့ သိရပါတယ်။ သို့သော်လည်း တန်ဟက်ကတော့ အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြေကြားခဲ့ခြင်း မရှိပါဘူး။

နယ်သာလန်သားက “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ဘာမှမပြောနိုင်ပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ သတင်းတစ်ခုခုသိရရင် အသိပေးသွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်