ရှေ့သို့
Image

ပရီးမီးယားလိဂ်မှာ ကစားဖို့ ဘယ်တုန်းကမှစိတ်ကူးမယဉ်ခဲ့ကြောင်း သီယာဂိုဆေးလ်ဗား ထုတ်ဖော်ပြောကြား

11:05 AM, 5 January

ချဲလ်ဆီးအသင်းနဲ့အတူ ပွဲ ၁၀၀ မြောက်ကစားပေးခဲ့ပြီးနောက် နောက်ခံလူ သီယာဂိုဆေးလ်ဗားက ပရီးမီးယားလိဂ်မှာ ဘယ်တုန်းကမှကစားဖို့ စိတ်ကူးမယဉ်ခဲ့မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာတုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်မှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးသားက အခုချိန်မှာ သူ့အနေနဲ့ အင်္ဂလန်မြေမှာကစားဖို့ နည်းပြတစ်ဦးမရောက်လာခင်အထိ ဘယ်တုန်းကမှစိတ်ကူးမယဉ်ခဲ့မိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အင်တာဗျူးမှာ သီယာဂိုက “နိုး နိုး။ ကျွန်တော် ပရီးမီးယားလိဂ်မှာကစားဖို့ ဘယ်တုန်းကမှစိတ်ကူးမယဉ်ခဲ့မိပါဘူး။ အဲ့တာက တစ်ချက်ပါ။ အားလုံးကို လေးစားပြီးသားပါ။ ဘောလုံးကို ဒီလိုကန်ရတာမကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက လေထဲမှာတိုက်ခိုက်ရတာတွေများတာကြောင့်ပါ။ ကျွန်တော် အဲ့လိုမျိုးလေပေါ်မှာ တိုက်ခိုက်ရတာတွေကို မကြိုက်ပါဘူး။ ဒါကြောင့် ဒီမှာမကစားချင်တာပါ။ ကျွန်တော့်ရဲ့အတွေးတွေပြောင်းလဲခဲ့တာက ဂွါဒီယိုလာကြောင့်ပါ။ သူကအခြားသူတွေရဲ့နည်းစနစ်ကို မကူးချပါဘူး။ ဘာလို့လဲဆိုတော့ သူကစားတဲ့ဟန်က လှပသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ကျွန်တော်အိမ်ကနေ အဲ့တာကိုအများကြီးကြည့်ဖြစ်ပါတယ်။ ချဲလ်ဆီးက ကမ်းလှမ်းလာချိန်မှာတော့ ၂ ကြိမ်မစဉ်းစားပဲ ပြောင်းလာခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားဟာ ၂၀၂၀ သြဂုတ်လတုန်းက ချဲလ်ဆီးထံ ပြောင်းလာခဲ့တာဖြစ်ပြီး ၁ နှစ်စာချုပ်သာ ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မတူညီတဲ့နည်းပြတွေအောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောာက် ဆေးလ်ဗားဟာ အသင်းနဲ့စာချုပ်သစ်တွေချုပ်ဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်တုန်းက လူတန်တောင်းကို ၃-၂ နဲ့ ကပ်နိုင်ခဲ့တဲ့ပွဲမှာ ဆေးလ်ဗားတစ်ယောက် မပျော်မရွှင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့အသင်းဟာ ၃ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်ရဲ့ပေါ့လျော့မှုကနေ ၃-၂ အထိ ဖြစ်လာခဲ့တာကြောင့် စိုးရိမ်ခဲ့ရတာဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ ပွဲအပြီးမှာ သူ့အနေနဲ့ ဆေးလ်ဗားရဲ့ပေါက်ကွဲမှုကို နားလည်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #သီယာဂို ဆေးလ်ဗား #ပရီးမီးယားလိဂ်