ရှေ့သို့
Image

ကမ္ဘာ့အကောင်းဆုံး နောက်ခံလူကို ထွက်ခွာခွင့်ပြုခဲ့တဲ့ ချဲလ်ဆီးအသင်းအား ဝေဖန်လိုက်တဲ့ အိုဇေးလ်

8:12 AM, 5 January

အာဆင်နယ်စတားဟောင်း အိုဇေးလ်က ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ရူဒီဂါကို ခေါ်ယူနိုင်လိုက်တဲ့ ရီးရဲလ်အသင်းကို ချီးကျူးလိုက်ပြီး လွန်ခဲ့တဲ့ ၁၈ လက ရောင်းထုတ်ခဲ့တဲ့ ချဲလ်ဆီးအသင်းကိုတော့ ဝေဖန်ခဲ့ပါတယ်။

အသက် ၃၀ ရွယ်ကစားသမားဟာ ပြီးခဲ့တဲ့မာယော့ကာနဲ့ပွဲတုန်းက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပြီး အသင်းကို ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရာဂျာကိုဗစ်ရဲ့ခေါင်းတိုက်ချက်ကို ရူဒီဂါက ရှင်းထုတ်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါရလဒ်ကြောင့် ရီးရဲလ်အသင်းက ဂိုးကွာခြားချက်နဲ့ ဂီရိုနာရဲ့အထက် အဆင့် ၁ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ ဒီရာသီလိဂ်ပွဲ ၁၉ ပွဲမှာ ၁၁ ဂိုးသာ ခွင့်ပြုထားခဲ့ရကာ ခံစစ်က အတည်ငြိမ်ဆုံး စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဆယ်လော့တီကလည်း ရူဒီဂါရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးခဲ့ကာ အသင်းရဲ့ခံစစ်ပြဿနာရှိနေချိန်မှာ ဂျာမန်သားက ကယ်တင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

“သူက အခြားသူတွေဒဏ်ရာရချိန်မှာ အကျိုးရှိရှိအသုံးချနိုင်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်က ဒီနေ့မှာ အမြင့်ဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ သူက စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေတဲ့သူပါ။ သူက ကျွန်တော်တို့နောက်တန်း အတွက်အာမခံချက်ပေးနိုင်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
အိုဇေးလ်နဲ့ ရူဒီဂါတို့ဟာ ဂျာမနီအသင်းမှာ အတူတူကစားခဲ့ဖူးတာဖြစ်ပြီး တွစ်တာကနေ အသင်းဖော်ဟောင်းကို ချီးကျူးခဲ့ပြီး ချဲလ်ဆီးကို တိုက်ရိုက်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“ရူဒီဂါက လက်ရှိမှာကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးပါ။ ရီးရဲလ်အတွက် သူက အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပါတယ်။ ဟာလန်း ဒါမှမဟုတ် အိုဆီမင်ကို သူဘယ်လောက်ကောင်းလဲမေးနိုင်ပါတယ်။ ချဲလ်ဆီးမှာ ဘာဖြစ်ခဲ့လဲကြည့်လိုက်ပါ။ သူတို့က နေ့တိုင်းစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိနေပါတယ်”လို့ အိုဇေးလ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ဒီရာသီပွဲ ၂၀ ကစားပြီးချိန်မှာ ၃၁ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ ရူဒီဂါကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့သလို ခရစ္စတီယန်ဆန်ကိုလည်း အလွတ်နဲ့လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ ဖိုဖာနာ ၊ ဒီဆာဆီ ၊ ဘာဒိုင်းရှီလီစတဲ့ နောက်တန်းကစားသမားတွေ အတွက် ငွေကြေးအများအပြားအသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #အိုဇေးလ် #ပရီးမီးယားလိဂ်