ရှေ့သို့
Image

ပရီးမီးယားလိဂ်ပွဲစဉ်အများဆုံး ကစားထားသူစာရင်းမှာ ပူးတွဲဒုတိယနေရာအထိ တက်လှမ်းလာတဲ့ ဂျိမ်းစ်မီလ်နာ

12:43 PM, 3 January

ဒီနေ့မနက်ပိုင်း၊ ဝက်စ်ဟမ်းအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အတွက် ပွဲထွက်ပါဝင်ကစားပေးပြီးနောက် ဂျိမ်းစ်မီလ်နာက ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပွဲအရေအတွက်အများဆုံး ကစားသူစာရင်းမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ရိုင်ယန်ဂစ်နဲ့အတူ ပူးတွဲဒုတိယအဖြစ် ရပ်တည်လာနိုင်ပါတယ်။

အသက်-၁၆ နှစ်အရွယ်မှာပဲ လိဒ်ယူနိုက်တက်အတွက် ပွဲထွက်ကစားခဲ့တဲ့ ဂျိမ်းစ်မီလ်နာက ၂၀၀၂-၂၀၀၃ ဘောလုံးရာသီမှစတင်ကာ ၂၁ နှစ်ကျော်ကြာ ပရီးမီးယားလိဂ် ကစားသမားဘဝကို ကျင်လည်ခဲ့ပြီး လိဂ်ပွဲစဉ်အရေအတွက် ၆၃၂ ပွဲအထိ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်း အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးနဲ့ နှစ်ကြိမ်၊ လီဗာပူးနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်အများဆုံး ကစားခဲ့သူမှာ ဂါရတ်ဘယ်ရီ(၆၅၃ ပွဲ)ဖြစ်ပြီး မီလ်နာအနေဖြင့် သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်သူကို လိုက်မှီနိုင်ဖို့ လိဂ်ပွဲစဉ် ၂၁ ပွဲ ထပ်မံကစားရဖို့ ရှိနေပါတယ်။ ဘရိုက်တန်နည်းပြ ဒီဇာဘီကတော့ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်မတိုင်ခင် သူ့ရဲ့ဝါရင့်ကွင်းလယ်လူကို အခုဘောလုံးရာသီကုန်ဆုံးချိန်အထိ အသင်းနဲ့အတူ ဆက်ရှိနေပေးဖို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

“သူ့ရဲ့ခွန်အားတွေက အရမ်းသန်မာပြီး ဘောလုံးကို နှစ်ပေါင်းများစွာ ကစားနိုင်စွမ်းရှိပါတယ်။ မီလ်နာရဲ့ ဘောလုံးစွမ်းရည်က ရှင်းလင်းပါတယ်။ ဒါပေမယ့် ဘောလုံးအပေါ်မှာထားရှိတဲ့ သူ့ရဲ့ခွန်အား၊ စိတ်နေစိတ်ထားနဲ့ စိတ်အားထက်သန်မှုတွေကသာ ပိုပြီးအရေးကြီးပါတယ်။ သူက ဘောလုံးအားကစားမှာ အရာရာတိုင်းကို အနိုင်ရရှိခဲ့ပြီးပါပြီ။ ဒါပေမယ့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို လာကြည့်လိုက်မယ်ဆိုရင် သူက ကျွန်တော်တို့ကို အမြင့်ဆုံးအဆင့်တွေအထိ ရောက်ရှိအောင် ကူညီပေးနေတာကိုလည်း မြင်တွေ့ရပါမယ်”လို့ ဒီဇာဘီက ပြောပါတယ်။

Amex ကွင်းကြီးမှာ မီလ်နာရဲ့စာချုပ်သက်တမ်းက အခုဘောလုံးရာသီကုန်အထိ ဖြစ်ပေမယ့် နောက်ထပ် ၁၂ လ သက်တမ်တိုးခွင့်လည်း ရှိနေတာကြောင့် အင်္ဂလန်ဘောလုံးလောကမှာ သူ့ရဲ့ဒဏ္ဍာရီဆန်တဲ့ ကစားသမားဘဝကို စံချိန်သစ်တွေနဲ့ မြင်တွေ့ရနိုင်မလား စောင့်ကြည့်သွားရပါမယ်။ မီလ်နာက ယူရိုပါလိဂ်ဖလားမှလွဲလို့ ကလပ်အသင်းအဆင့် ကျန်ဆုဖလားအားလုံးနီးပါးကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူက လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံဖလား၊ ယူအီးအက်ဖ်အေစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတို့ကို တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မီလ်နာက မန်စီးတီးနဲ့အတူ အင်္ဂလန်ပြည်တွင်းကလပ်အသင်းပြိုင်ပွဲတွေဖြစ်တဲ့ ကွန်မြူနတီဒိုင်း၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားတို့ကို အနိုင်ရရှိခဲ့ဖူးပါတယ်။

ဂျိမ်းစ်မီလ်နာက သူ့ရဲ့ကလပ်အသင်းအဆင့်ကစားသမားဘဝကို လိဒ်ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ မန်စီးတီး၊ လီဗာပူးနဲ့ လက်ရှိဘရိုက်တန် အသင်းတို့မှာ ဖြတ်သန်းခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီ၊ အက်စတွန်ဗီလာ ကစားသမားဘဝမှာ ကိုးဂိုးသွင်း၊ ၁၂ ကြိမ်ဂိုးဖန်တီးပေးကာ အအောင်မြင်ဆုံး ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ဖူးခြင်းအပါအဝင် ဂျိမ်းစ်မီလ်နာက ကစားသမားဘ၀ သက်တမ်းတလျှောက် ၅၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉၁ ကြိမ်အထိ စွမ်းဆောင်ခဲ့ပါတယ်။

#ဘရိုက်တန် #ဝက်စ်ဟမ်း #မီလ်နာ #ပရီးမီးယားလိဂ်