ရှေ့သို့
Image

ယူနိုက်တက်နဲ့ ကာလတိုအငှားစာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ တော့တင်ဟမ်ကို ပြန်လည် ရောက်သွားတဲ့ ရီဂူလွန်

9:34 AM, 3 January

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီက တော့တင်ဟမ်မှ ကာလတိုအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဆာဂျီယိုရီဂူလွန်ကို ယခုအခါမှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် သူ့ရဲ့မိခင်အသင်းထံပြန်လည် ပို့ဆောင်ခဲ့ပြီဖြစ်ပါတယ်။

ဒဏ်ရာရရှိနေတဲ့ လုခ်ရှောနေရာမှာ အစားထိုးဖို့အသုံးပြုခဲ့တဲ့ အသက်-၂၇ နှစ်အရွယ် ကစားသမားဟာ တော့တင်ဟမ်မှာပဲ ဆက်ရှိနေမှာမဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ်အသင်း တစ်ခုခု ဒါမှမဟုတ် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်သို့ အငှားနဲ့ထပ်မံရောက်ရှိဖို့ အလားအလာရှိနေပါတယ်။ ဒေါ့မွန်ရဲ့ပစ်မှတ်ဟာ ချဲလ်ဆီးနောက်ခံလူ မတ်ဆင်းဖြစ်သော်လည်း ကစားသမားကို ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့စည်းကမ်းချက်တွေကို ညှိနှိုင်းနိုင်ခြင်းမရှိသေးတာကြောင့် ရီဂူလွန်ကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ရီဂူလွန် ထွက်ခွာသွားသော်လည်း လုခ်ရှောက ပြန်လာနိုင်ပြီဖြစ်တဲ့ အပြင် တိုင်ယဲလ်မာလာစီယာကလည်း ဒဏ်ရာမှ သက်သာလာပြီဖြစ်တာကြောင့် အဲရစ်တန်ဟက် အနေနဲ့ ယူနိုက်တက်ရဲ့ဘယ်နောက်ခံကို ပြန်လည် အင်အားမြှင့်တင်နိုင်တော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီး ကစားရမယ့်ပွဲစဉ်တွေ လျော့နည်းသွားတာကြောင့် ရီဂူလွန်ကို ပြန်လည် ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

နောက်ခံလူဟာ ယူနိုက်တက်မှာ ၇ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး နောက်ဆုံးပွဲထွက်ခဲ့တဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘုန်းမောက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၀-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့သော်လည်း အများအားဖြင့်တော့ ဒဏ်ရာပြဿနာတွေ အလွန်များပြားနေတဲ့ အိုးလ်ထရက်ဖို့ဒ်  အသင်းအတွက် ကစားပေးဖို့အဆင်သင့်ရှိနေခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရီဂူလွန်ဟာ ပွဲကစားချိန် မိနစ် ၉၀ မှာ လူစားဝင်ကစားသမား အဖြစ် ပါဝင်ခဲ့သေးသော်လည်း ယူနိုက်တက်ရဲ့ အရှုံးရလဒ်ကို ချေဖျက်ပေးနိုင်စွမ်းတော့မရှိခဲ့ပါဘူး။ ၂၀၂၀ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်မှ တော့တင်ဟမ်သို့ရောက်ရှိလာခဲ့တဲ့ နောက်ခံလူဟာ ၂၀၂၁ ခုနှစ်က စတင်ပြီး တော့တင်ဟမ် အတွက် ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ရာသီကလည်း အက်သလက်တီကိုမက်ဒရစ်သို့ အငှားနဲ့သွားရောက်ကစားခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းအတွက် ၆ ပွဲ ကစားပေးထားတဲ့ ကစားသမားအနေနဲ့ ပိုစတီကိုဂလူရဲ့အစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ ရှိမရှိကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိတော့တင်ဟမ်ရဲ့ ဘယ်နောက်ခံနေရာမှာ ပွဲထွက်ကစားသမား အူဒိုဂီက ခြေစွမ်းပြနေတဲ့အပြင် အရန်ကစားသမားဖြစ်တဲ့ ရွိုင်ယယ်အီမာဆန်ကလည်း ကြံ့ခိုင်မှုအပြည့်နဲ့ အဆင်သင့်ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်က မကြာသေးမီက ဟယ်ရီမက်ဂွါရီ၊ ဗစ်တာလင်ဒီလော့ဖ်၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လုခ်ရှောတို့ကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားခဲ့ရသော်လည်း ယခုအခါမှာတော့ ကစားသမား အများစုက ဒဏ်ရာမှသက်သာလာပြီး ပြန်လည်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

လာမယ့်အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ဝီဂန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ တော့တင်ဟမ်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ရီဂူလွန် #ပရီးမီးယားလိဂ်