ရှေ့သို့
Image

ဂါလာတာစာရေးနဲ့ အငှားစာချုပ်အဆုံးသတ်ပြီး ချဲလ်ဆီးသို့ပြန်လည် ရောက်ရှိလာနိုင်တဲ့ ဇီယက်ချ်

3:08 PM, 2 January

တူရကီကလပ် ဂါလာတာစာရေးသို့ အငှားနဲ့ သွားရောက်ကစားနေတဲ့ ချဲလ်ဆီးတောင်ပံကစားသမား ဟာကင်မ်ဇီယက်ချ်ဟာ ယခုဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ စာချုပ်ကို အဆုံးသတ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်သို့ ရုတ်တရက်ပြန်လည် ရောက်ရှိလာနိုင်ချေများနေပါတယ်။

ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာဖို့ကြိုးစားခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ပီအက်စ်ဂျီနဲ့ ဆော်ဒီကလပ်တွေကို ပြောင်းရွှေ့ဖို့ အလားအလာရှိခဲ့သော်လည်း ဂါလာတာစာရေးသို့သာ အငှားနဲ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဇီးယက်ချ်ဟာ တူရကီကလပ်အတွက်  ၁၄ ပွဲကစားပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။

ဇီးယက်ချ်သွင်းယူထားတဲ့ ၄ ဂိုးထဲက ၂ ဂိုးဟာ ချန်ပီယံလိဂ်မှာ ယူနိုက်တက်နဲ့ ၃ ဂိုးစီသရေကျခဲ့စဉ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အသက်-၃၀ နှစ်အရွယ် ကစားသမားဟာ ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ဂါလာတာစာရေးက အသင်းမှာဆက်လက်ထားရှိဖို့ တွန့်ဆုတ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှတော့ ကစားသမားရဲ့ အငှားစာချုပ်ကို စောစောစီးစီးအဆုံးသတ်ပြီး လန်ဒန်သို့ ပြန်ပို့ဆောင်ဖို့ကြိုးစားလာခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

သို့သော်လည်း ဒီလိုဖြစ်မလာဖို့ တားဆီးထားနိုင်တဲ့ အကြောင်းအရာ ၂ ရပ်လည်း ရှိနေပါသေးတယ်။ ပထမတစ်ချက်မှာ ဇီယက်ချ်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် မော်ရိုကိုအသင်းမှာ ရွေးချယ်ခြင်းခံထားရတာကြောင့် ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတစ်ခုလုံးကို နိုင်ငံအသင်းနဲ့ ကုန်ဆုံးရမှာဖြစ်ပါတယ်။

ကစားသမားဟာ ယူနိုက်တက်ကွင်းလယ်လူ ဆိုဖီယန်အမ်မရာဘတ်၊ ပီအက်စ်ဂျီနောက်ခံလူ ဟာကီမီတို့နဲ့အတူ ၁၉၇၆ ခုနှစ်နောက်ပိုင်း မော်ရိုကိုအသင်း အတွက် ပထမဆုံးအကြိမ် အာဖရိကဖလားကိုဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

ဒုတိယတစ်ချက်ကတော့ ဇီယက်ချ်ကို ရာသီကုန်မှာ ပေါင် ၂.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ကြောင်း သဘောတူညီချက်ပါဝင်နေတဲ့ ဂါလာတာစာရေးနဲ့ ချဲလ်ဆီးတို့ရဲ့အငှားစာချုပ်မှာ အခြားရှုပ်ထွေးမှုတွေလည်း ရှိနေသေးတာကြောင့်ဖြစ်ပါတယ်။ တကယ်လို့ ဇီယက်ချ်သာ ချဲလ်ဆီးသို့ပြန်လည် ရောက်ရှိလာမယ်ဆိုပါက အသင်းပိုင်ရှင် တော့ဘိုလီကို လူသိရှင်ကြား ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ကစားသမားတစ်ယောက်အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အဆင်ပြေနိုင်ဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ အေဂျက်စ်မှ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပေါင် ၃၄ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဇီးယက်ချ်ဟာ ချဲလ်ဆီးအသင်း အတွက် ၁၀၇ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းယူထားကာ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေစူပါဖလားနဲ့ အက်ဖ်အေဖလား ၂ ကြိမ် ဆွတ်ခူးထားပြီး လိဂ်ဖလား ဗိုလ်လုပွဲတစ်ကြိမ်တက်ရောက်နိုင်ထားနိုင်ခဲ့ပါတယ်။

#ဂါလာတာစာရေး #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဇီယက်ချ်