ရှေ့သို့
Image

ကာတစ်ဂျုံးစ်နဲ့ ဂတ်ပိုတို့ ဂိုးသွင်းယူနိုင်ဖို့အတွက် လှပတဲ့ ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့လို့ ဆာလက်ကို ချီးကျူးစကားဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

2:19 PM, 2 January

ယမန်နေ့ည နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းဖော်တွေဖြစ်တဲ့ ကာတစ်ဂျုံးစ်နဲ့ ကိုဒီဂတ်ပိုတို့ ဂိုးသွင်းယူနိုင်ဖို့ လှပတဲ့ ဘောလုံးပေးပို့မှုတွေပြုလုပ်နိုင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ဂယ်ရီနဗီးလ်က ချီးကျူးစကားဆိုလာခဲ့ပါတယ်။

ဆာလက်ဟာ ပထမပိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့သော်လည်း ဒုတိယပိုင်းမှာတော့ ဒါဝင်နူနက်ဇ်ရဲ့ ပေးပို့မှုမှတစ်ဆင့် လီဗာပူးအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သို့သော် ၅ မိနစ် အကြာမှာပဲ နယူးကာဆယ်အတွက် ချေပဂိုးကို အီဆက်သွင်းယူခဲ့တာကြောင့် ၁-၁ နဲ့သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။

ထို့နောက်မှာတော့ ဆာလက်ရဲ့ လှပတဲ့ ပေးပို့မှုတွေမှတစ်ဆင့် ကာတစ်ဂျုံးစ်နဲ့ ကိုဒီဂတ်ပိုတို့က တစ်ဂိုးစီ ထပ်သွင်းခဲ့တာကြောင့် ပွဲကစားချိန် ၇၈ မိနစ်မှာ ၃-၁ ဆိုတဲ့ရလဒ်ကို ပုံဖော်ထားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်အတွက် နောက်ထပ်ချေပဂိုး တစ်ဂိုးကို ဘော့မန်းက ၈၁ မိနစ်မှာ သွင်းယူပေးခဲ့သော်လည်း လီဗာပူးအတွက် အနိုင်သေချာစေမယ့် ဂိုးကို ပင်နယ်တီမှတစ်ဆင့် ဆာလက်ကပဲ သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာတော့ ယာဂင်ကလော့ပ်ရဲ့အသင်းက ၄-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂယ်ရီနဗီးလ်က “လီဗာပူးက လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်သွားပါပြီ။ သူတို့က တဖြည်းဖြည်းနဲ့ ပိုကောင်းတဲ့ အသင်းဖြစ်လာပါတယ်။ သူတို့ ၃-၄ ဂိုးလောက်အထိ ဦးဆောင်ထားနိုင်သင့်တာပါ။ သူတို့က တစ်ကွင်းလုံးအပြည့် ကစားနိုင်ခဲ့ပါတယ်” “လီဗာပူးဟာ လူစားလဲမှုအပိုင်းမှာ အားနည်းနေခဲ့တယ်လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် မိုဆာလက်ရဲ့ ပေးပို့မှုတွေက လှပပြီး တကယ်ကို အကျိုးရှိတဲ့ပေးပို့မှုတွေပါ။ ဒုတိယဂိုးမှာ ဆာလက်ရဲ့လှပတဲ့ပေးပို့မှုကို ဂျိုတာကရရှိပြီး ကာတစ်ဂျုံးစ်ကို ပြန်ပြီးချိုးပေးလိုက်တာပါ။ လှပတဲ့ဂိုးတစ်ဂိုးပါ”လို့ ပြောကြားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ လီဗာပူးဟာ နောက်ထပ်ဂိုးတစ်ဂိုးထပ်မံရရှိခဲ့ပြီး နဗီးလ်က “မိုဆာလာက နောက်ထပ် ၅ မိနစ် အတွင်းမှာပဲ လှပတဲ့ဘယ်ခြေကန်ချက်နဲ့အတူ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြန်ပါတယ်။ သူက ကမ္ဘာ့အဆင့်ကစားသမားပါ။ ပထမပိုင်းမှာ သူပင်နယ်တီလွဲခဲ့ပေမယ့် အသင်းအတွက် တတ်နိုင်သလောက် ပြန်ပေးဆပ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပထမပိုင်းမှာ ပင်နယ်တီ လွဲခဲ့ပေမယ့် ဆာလက်ဟာ ဒုတိယပိုင်းမှာတော့ ဂိုး ၂ ဂိုး သွင်းနိုင်ခဲ့တဲ့အပြင် အသင်းဖော်တွေ အတွက် ဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဂယ်ရီနဗီးလ်က ပွဲပြီးကာနီးသွင်းယူခဲ့တဲ့ ဆာလက်ရဲ့ပယ်နယ်တီ သွင်းဂိုးနဲ့ ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

နဗီးလ်က “ဒီပင်နယ်တီနဲ့ ပတ်သက်ပြီး ဆာလက်က အများကြီး သက်တောင့်သက်သာဖြစ်နေသလိုပါပဲ။ ဒုတိယပိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောရမယ့်ဆာလက်က ဂိုးဖန်တီးမှုတွေ ပြုလုပ်ပြီး  ဂိုးတွေလည်းသွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးက ဒီပွဲကို လွယ်လွယ်ကူကူအနိုင်ရနိုင်ပေမယ့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်အောင်ပြုလုပ်ခဲ့ပြီး အဆုံးမှာတော့ လိုချင်တာကို ရအောင်ယူသွားနိုင်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #နယူးကာဆယ် #ဆာလက် #ဂယ်ရီနဗီးလ် #ဂတ်ပို #ပရီးမီးယားလိဂ်