ရှေ့သို့
Image

ဂျီနိုအာ ဗဟိုနောက်ခံလူ ဒရာဂူဆင်ကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေတဲ့ တော့တင်ဟမ်

11:15 AM, 2 January

တော့တင်ဟမ်ဟာ အသင်းရဲ့ခံစစ်ပိုင်းလိုအပ်ချက်ကို ဖြည့်တင်းဖို့အတွက် ဂျီနိုအာဗဟိုခံစစ်ကစားသမား ရာဒူ ဒရာဂူဆင်ကို ယခုသီတင်းပတ်အကုန်မှာပဲ ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။


အသက်-၂၁ နှစ်အရွယ်ရှိ ရိုမေးနီးယားလက်ရွေးစင်ကစားသမားအတွက် တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ဂျီနိုအာအသင်းနဲ့ ကနဦး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။  ပိုစတီကိုဂလူရဲ့ အသင်းဟာ နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန်ဂစ်ဘ်ဝှိုက်ကို စောင့်ကြည့်မှုတွေပြုလုပ်ပြီး စနေနေ့က ညှိနှိုင်းမှုတွေပြုလုပ်ခဲ့သော်လည်း ဒီတစ်လအတွင်းမှာတော့ သဘောတူညီချက်ဖြစ်ပေါ်လာဖို့ အလားအလာမရှိဘူးလို့သိရပါတယ်။

တော့တင်ဟမ်ဟာ ယခုလမကုန်ဆုံးခင်မှာပဲ တောင်ပံကစားသမားတစ်ယောက်နဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။ နောက်ထပ်ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမားက ချဲလ်ဆီးကွင်းလယ်လူ ကော်နာဂယ်လာဟာ ဖြစ်သော်လည်း စတန်းဖို့ဒ်ဘရစ်ချ်အသင်းက တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် ငွေကြေးလိုအပ်နေပြီး ဂယ်လာဟာရဲ့တန်ကြေးကို ပေါင်သန်း ၄၀ အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် တော့တင်ဟမ်ဟာ အသက်-၁၈ နှစ်အရွယ် အေဂျက်စ် တောင်ပံကစားသမားလေး မူဇမ်ဘိုကို ခေါ်ယူဖို့အတွက်လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်လူငယ်အကယ်ဒမီထုတ်ကုန် ဒရာဂူဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ်မှ ဂျီနိုအာသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီကမှ အပြီးသတ်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

နောက်ခံကစားသမားဟာ ဒီရာသီမှာ ဂျီနိုအာနဲ့အတူ စီးရီးအေ ၁၈ ပွဲပါဝင်ကစားထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ဗဟိုခံစစ်မှူးဟာ ဂျီနိုအာနဲ့ ၂၀၂၇ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး မကြာသေးမီက ကစားသမားကို မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နောက်ခံလူ နီမန်ဂျာဗီဒစ်နဲ့ နှိုင်းယှဉ်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တော့တင်ဟမ်ကလည်း ခံစစ်ကစားသမားအများအပြား ဒဏ်ရာ ရရှိနေတာကြောင့် ပိုစတီကိုဂလူအနေနဲ့ ဒရာဂူဆင်ကို အမိအရခေါ်ယူသွားဖို့ရှိနေပါတယ်။ ခရစ်ရှင်ရိုမဲရိုးဟာ တံကောက်ကြောဒဏ်ရာ ပြဿနာကြောင့် ကာလကြာရှည်အနားယူဖို့ လိုအပ်နေတဲ့အပြင် နောက်ထပ်အရေးပါတဲ့ ခံစစ်မှူး မစ်ကီဗန်ဒီဗန်ကလည်း အသင်းနဲ့အတူ လေ့ကျင့်ရေးမဆင်းနိုင်သေးဘူးလို့ ပိုစတီကိုဂလူက ဝန်ခံထားတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ဂျီနိုအာ #အပြောင်းအရွှေ့ #ဒရာဂူဆင်