ရှေ့သို့
Image

နယူးကာဆယ်ကို အနိုင်ယူပြီး အိမ်ကွင်းမှာ ရလဒ်ကောင်းပြန်ယူဖို့ တိုက်တွန်းလိုက်တဲ့ ဗန်ဒိုက်

4:24 PM, 1 January

မနက်ဖြန်မနက်ပိုင်း၊ အန်ဖီးလ်ကွင်းမှာ နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က မဖြစ်မနေ အနိုင်ရရှိအောင် ကစားရမယ့်ပွဲစဉ်လို့ လီဗာပူး ကပ္ပတိန်ဗန်ဒိုက်က ရှုမြင်ထားပါတယ်။ ဒါ့အပြင် ဗန်ဒိုက်က လတ်တလော အိမ်ကွင်းပွဲစဉ်တွေမှာ ခြေချော်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

သူက “ကျွန်တော်တို့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ တောက်လျှောက်အနိုင်ရလာပြီးနောက် အနိုင်မရတာ နှစ်ပွဲရှိနေပါပြီ။ ဒါကြောင့် အချို့အရာတွေကို မှန်ကန်မှုရှိအောင်လုပ်ဖို့လည်း လိုလာပါတယ်။ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရတဲ့ လိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းက အမှားအယွင်းတွေ အများကြီးမရှိခဲ့ပါဘူး။ ဒါပေမယ့် အိမ်ကွင်းမှာ နိုင်ပွဲမြန်မြန်ပြန်ရှာဖွေနိုင်လေ၊ ပိုကောင်းလေလေပါပဲ။ ပရိသတ်တွေမပါဘဲ ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှတပါး ကျွန်တော် ဒီအသင်းမှာ ရှိနေတဲ့ကာလရှည်ကြီး တလျှောက်လုံး ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှတ်တမ်းပိုင်းက ဂုဏ်ယူစရာကောင်းခဲ့ပါတယ်”

“ကျွန်တော်တို့ရဲ့အိမ်ကွင်းမှတ်တမ်းပိုင်း အလွန်ကောင်းမွန်ခဲ့သလို တဖက်မှာလည်း ဒီလိုမှတ်တမ်းတွေကြောင့် ကျွန်တော်တို့ထမ်းဆောင်ရမယ့် ကြီးလေးတဲ့တာဝန်တစ်ရပ်လည်း ရှိလာခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် အန်ဖီးလ်မှာကစားတဲ့ပွဲစဉ်တွေကို တက်နိုင်သမျှ အနိုင်ယူသွားရမယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ လက်ရှိအခြေအနေတွေအရ ကစားသမားတွေရော၊ ပရိသတ်တွေပါ မျှော်လင့်နိုင်စရာတွေ အများကြီးရှိနေပမယ့် တချိန်တည်းမှာကိုပဲ အလုပ်တွေ ကြိုးစားအားထုတ်ဖို့ အစပဲရှိသေးတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတူတကွ ဘာတွေလုပ်နိုင်မလဲဆိုတာနဲ့ နှစ်သစ်မှာ ဘာတွေယူဆောင်လာနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

နယူးကာဆယ်နဲ့ ပွဲစဉ်အပြီးမှာ လီဗာပူးက အာဆင်နယ်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၊ ဖူလ်ဟမ်နဲ့ ကာရာဘောင်ဖလားပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ရပါမယ်။

#လီဗာပူး #နယူးကာဆယ် #ဗန်ဒိုက် #ပရီးမီးယားလိဂ်