ရှေ့သို့
Image

အာဂျင်တီးနားပါရမီရှင် ကစားသမားလေး အီချီဗာရီကို အပြီးသတ်ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ မန်စီးတီး

12:52 PM, 1 January

မန်ချက်စတာစီးတီးအသင်းဟာ ရေးဗားပလိတ်အသင်းမှ အာဂျင်တီးနားသား ပါရမီရှင်ကစားသမားလေး ကလော်ဒီယိုအီချီဗာရီကို ပေါင် ၂၂ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီး ယခုအခါမှာတော့ ၆ နှစ်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

အသက်-၁၇ နှစ်သာ ရှိသေးသော်လည်း တောက်ပတဲ့ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ လူငယ်ကစားသမားလေးကို ယခုအခါမှာတော့ ပက်ဂွါဒီယိုလာရဲ့ အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း မန်စီးတီးအသင်းက လူငယ်ကစားသမားကို အသင်းသို့ ချက်ချင်းခေါ်ယူသွားမှာ မဟုတ်ဘဲ ရေးဗားပလိတ်မှာပဲ ယခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အငှားစာချုပ်နဲ့ ဆက်လက်ထားရှိသွားရမှာဖြစ်ပါတယ်။

အီချီဗာရီဟာ ယခုရာသီမှာ ရေးဗားပလိတ်အတွက် ၄ ပွဲသာ ပါဝင်ကစားခဲ့ရသော်လည်း ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ တောက်ပတဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ခံလာခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူငယ်ကစားသမားဟာ ၅ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုကို အဓိကစိန်ခေါ်နိုင်သူဖြစ်ခဲ့သလို အာဂျင်တီးနားကလည်း စတုတ္ထနေရာရခဲ့ပါတယ်။

မကြာသေးမီကလည်း ကစားသမားဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန်နဲ့ ပီအက်စ်ဂျီတို့ထံမှ စိတ်ဝင်စားမှုတွေကို ရရှိခဲ့ပါတယ်။ သို့သော်မန်စီးတီးက လက်ဦးမှုရယူနိုင်ခဲ့ပြီး ယခုအခါမှာတော့ အပြောင်းအရွှေ့ရဲ့ သဘောတူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကစားသမားဟာ ရေးဗားပလိတ်မှာ အငှားနဲ့ ဆက်လက်ကစားနေဦးမှာဖြစ်ပါတယ်။

ယခင်က ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ရေးဗားပလိတ်မှခေါ်ယူစဉ်ကလည်း မန်စီးတီးဟာ အဆိုပါသဘောတူညီမှုမျိုး ပြုလုပ်ခဲ့ဖူးပြီး ကစားသမားကို အာဂျင်တီးနားကလပ်မှာ ရာသီကုန်တဲ့အထိ အငှားနဲ့ နေခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။ လူငယ်ကစားသမား အနေနဲ့ ပြီးခဲ့တဲ့နွေရာသီက ကိုးလ်ပယ်မာကို ထွက်ခွာခွင့်ပြုခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အံဝင်ခွင်ကျဖြစ်သွားမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ အော်စကာဘော့ဘ်နဲ့ ဟာမီလ်တန်တို့ကို အခွင့်အရေးတွေပေးပြီး ထည့်သွင်းအသုံးပြုနေတာကြောင့် အနာဂတ်မှာ အီချီဗာရီအနေနဲ့ ပွဲထွက်ခွင့်အတွက် အဆိုပါကစားသမားတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်။

#မန်စီးတီး #အာဂျင်တီးနား #အပြောင်းအရွှေ့ #အက်ချီဗာရီ