ရှေ့သို့
Image

အမှတ်ပေးချန်ပီယံပြေးလမ်းမှာ ဖိအားတွေရှိနေတယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ ဂတ်ပို

11:25 AM, 1 January

မနက်ဖြန်မနက်ပိုင်း၊ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်မတိုင်ခင် လီဗာပူးတိုက်စစ်မှူး ဂတ်ပိုက အမှတ်ပေးချန်ပီယံပြေးလမ်းထက်မှာ ဖိအားတွေရှိနေတယ်ဆိုတာကို ဝန်ခံပြောဆိုလိုက်ပါတယ်။

အန်ဖီးလ်ကွင်းမှာ ငှက်ကျားတွေနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် အမှတ်ပေးချန်ပီယံပြေးလမ်းရဲ့ ဖိအားတွေအကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ အသက်-၂၄ နှစ်အရွယ် ဒတ်ချ်ကစားသမားက သူနဲ့ သူ့ရဲ့အသင်းဖော်တွေဟာ စိန်ခေါ်မှုတွေအတွက် အသင့်ရှိနေသလို တူညီတဲ့ပုံစံမျိုးနဲ့ပဲ လေ့ကျင့်ပြင်ဆင်နေပါတယ်လို့ ရှင်းပြခဲ့ပါတယ်။
မနက်ဖြန်မနက်ပိုင်း ပွဲစဉ်မတိုင်ခင် ဂတ်ပိုက လီဗာပူးအသင်းလေ့ကျင့်ရေးကွင်းမှာ ရှိနေတဲ့ စုစည်းညီညွှတ်မှုစိတ်ဓါတ်ပိုင်း အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြန်ပါတယ်။

လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဂတ်ပိုက “ကျွန်တော်တို့မှာ အသင်းကောင်းတစ်ခုရှိသလို ရာသီအစကတည်းက တကယ့်ကိုကောင်းမွန်တဲ့ပုံစံမျိုး လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပေမယ့် ဒီပွဲစဉ်ကိုတော့ တကယ့်ကိုအရေးပါတဲ့ပွဲစဉ်တစ်ခုအဖြစ် မှတ်ယူကာ ယှဉ်ပြိုင်ကစားသွားရပါမယ်။ အခြားပွဲစဉ်တွေလည်း အလားတူပါပဲ။ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရှိနေခြင်းဆိုတာ ဖိအားတွေကို သယ်ဆောင်လာပေးတယ်ဆိုပေမယ့် ကျွန်တော်တို့ကတော့ ဒါကို ဖိအားတွေလို့ မယူဆမိပါဘူး”

“ကျွန်တော်တို့က လတ်တလောကစားရမယ့်ပွဲစဉ်ကိုသာ အာရုံစိုက်သွားဖို့လိုအပ်ပြီး ဒီလိုလုပ်ဆောင်မှုကသာ အသင်းကို ခွန်အားဖြစ်စေပါတယ်။ နယူးကာဆယ်ကလည်း အသင်းကောင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားပြီး အတူတကွတိုက်ပွဲဝင်ရမှာဖြစ်သလို ပွဲစဉ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ခက်ခဲတဲ့ အခိုက်အတန့်တွေကိုလည်း အတူတကွ ရင်ဆိုင်ကျော်ဖြတ်သွားရပါမယ်။ မဖြစ်လာပါစေနဲ့လို့ မျှော်လင့်ထားပေမယ့် နယူးကာဆယ်က ကမ္ဘာ့အဆင့်အသင်းတစ်ခုဖြစ်လို့ ကောင်းကောင်းဖြစ်လာနိုင်ပါတယ်။ အဆုံးမှာ ကျွန်တော်တို့နဲ့အတူ ပွဲကောင်းတစ်ခုဖြစ်လာဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဂတ်ပိုက လီဗာပူးဆီ ပြောင်းရွှေ့ကြေးပေါင် ၃၆ သန်းဖြင့် ရောက်ရှိလာပြီး နှစ်သစ်ကူးနေ့ပွဲစဉ်မတိုင်ခင် အန်ဖီးလ်ကစားသမားဘ၀ တစ်နှစ်ပြည့်မြောက်ဖို့ နီးကပ်လာနေပါပြီ။ စွယ်စုံရတိုက်စစ်မှူးက မာဆေးဆိုဒ်ဒေသဆီ ရောက်ရှိလာချိန် တခဏအတွင်းမှာပဲ အနီရောင်တပ်သားတွေအတွက် ပွဲ ၅၀ နီးပါး ပါဝင်ကစားပေးထားကာ မဝေးတော့တဲ့ အနာဂတ်မှာ အသင်းနဲ့အတူ သူ့အတွက် ပထမဆုံးဆုတံဆိပ်ကို ရရှိဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးအတွက် အားထားရတဲ့ တိုက်စစ်ကစားသမား မိုဆာလက်ကို အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲအတွက် လက်လွှတ်ပေးရဖို့ ရှိနေတာကြောင့် ဂတ်ပိုက ဒီယက်ဇ်၊ နူနက်ဇ်၊ ဂျိုတာတု့ိလိုပဲ လာမယ့်သီတင်းပတ်တွေအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်ပေးသွားရဖို့ ရှိနေပါတယ်။ လီဗာပူးက အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမတိုင်ခင် အီဂျစ်စတားနဲ့အတူ နယူးကာဆယ်နဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရဖို့ရှိပြီး ဒီပွဲစဉ်အပြီးမှာတော့ မိုဆာလက်က အိုင်ဗရီကို့စ်နိုင်ငံဆီ လမ်းကြောင်းဖြင့် ခရီးထွက်ခွာဖို့ စီစဉ်ထားပါတယ်။

သူထွက်ခွာသွားပြီးနောက် ဂတ်ပိုကိုယ်တိုင်လည်း အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်၊ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါလိမ့်မယ်။

#လီဗာပူး #နယူးကာဆယ် #ဂတ်ပို #ပရီးမီးယားလိဂ်