လိဂ်နှစ်ပွဲဆက်အနိုင်ရပြီးနောက် ချဲလ်ဆီးတို့ ဥရောပပြိုင်ပွဲဝင်ခွင့်ရနိုင်တယ်လို့ ဆိုလာတဲ့ နည်းပြပိုချက်တီနို
4:04 PM, 31 December
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်မခေါ်ယူဘူးဆိုရင်တောင် သူ့ရဲ့အသင်းဟာ လာမယ့်ရာသီ၊ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရေး အရည်အချင်းပြည့်မီနိုင်တယ်လို့ ချဲလ်ဆီးနည်းပြပိုချက်တီနိုက ယုံကြည်နေပါတယ်။
အနောက်လန်ဒန်ကလပ်က ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးတစ်ဦးအပါအဝင် ကစားသမားသစ်လေးဦးထက်မနည်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
ဒါပေမယ့် ပိုချက်တီနိုကတော့ သူ့ရဲ့လက်ရှိလူစာရင်းပိုင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့ ကံကောင်းနေမယ်ဆိုရင် လုံလောက်တဲ့အင်အားမျိုး ရှိပါတယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက စီနီယာကစားသမားရှစ်ဦးကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ဆုံးရှုံးထားရပါတယ်။
ယမန်နေ့ညပိုင်း၊ လူတန်တောင်းကို ၃-၂ ဂိုးဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီ၊ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရေး လုံလောက်မှုရှိသလားဆိုတဲ့ မေးခွန်းအပေါ် ပိုချက်တီနိုက “မှန်ပါတယ်၊ လုံလောက်ပါတယ်။ ကျွန်တော့်ကစားသမားတွေကို ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ ဒဏ်ရာရကစားသမားတွေ ပြန်လည်သက်သာလာဖို့ လိုအပ်တဲ့အခြေအနေတစ်ခုလည်း ရှိနေသေးတာပေါ့။
ပြီးခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ လာဗီယာလို ကစားသမားမျိုးလည်း ရှိပါတယ်။ ဒီလိုကိစ္စတွေက ကျွန်တော်တို့အတွက် အဆင်မပြေမှုအချို့ ရှိစေပါတယ်။ ကျွန်တော့်ရဲ့အလုပ်ကတော့ ကစားသမားတွေကို နေ့စဉ်နေ့တိုင်း တိုးတက်လာအောင် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်”လို့ ပြန်ဖြေလာပါတယ်။
ကီနေးလ်ရုဒ်ကွင်းအတွင်း လူတန်တောင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ချဲလ်ဆီးက သုံးဂိုးပြတ်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ချေပဂိုးနှစ်ဂိုးပြန်ပေးခဲ့ရလို့ အနိုင်ရလဒ်ရရှိနိုင်ရေး အတော်လေး ရုန်းကန်ခဲ့ရပါတယ်။
ပိုချက်တီနိုက “ဒီရလဒ်ပိုင်းက ၂၀၂၃ ခုနှစ်ကို အကောင်းမွန်ဆုံးပိတ်သိမ်းနိုင်ဖို့နဲ့ ၂၀၂၄ ခုနှစ်ကို အကောင်းဆုံးစတင်နိုင်ဖို့အတွက် အရမ်းအရေးပါစေပါတယ်။
ခံစားမှုကောင်းတွေနဲ့ အဆုံးသတ်ရတာ တကယ့်ကိုကောင်းသလို နှစ်သစ်ဆီ အရှိန်အဟုန်တစ်ခုနဲ့ ဝင်ရောက်ခွင့်ရရှိတာလည်း ကောင်းမွန်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း မန်စီးတီးမှခေါ်ယူခဲ့တဲ့ လူငယ်ကစားသမားပယ်လ်မာက လူတန်တောင်းနဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြကစားကာ နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် သူက ချဲလ်ဆီးကစားသမားဘဝမှာ ရှစ်ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။
ပိုချက်တီနိုက “ကျွန်တော် ဘာပြောနိုင်မှာလဲ? ပယ်လ်မာက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားဆိုတာ သိသာပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ကစားသမားတစ်ဦးပါ။ ဒီလိုမျိုးသွင်းဂိုးတွေ သွင်းယူနိုင်လို့ သူ့အတွက်ရော၊ အသင်းအတွက်ပါ ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်”လို့ ဆိုပါတယ်။
လူတန်တောင်းနည်းပြအက်ဒ်ဝက်ဒ်က “ကျွန်တော်တို့မှာ မယုံကြည်နိုင်စရာ သတ္တိသွေးတွေ ရှိပါတယ်။ ကစားသမားတွေကလည်း သူတို့ဟာ ထူးရှယ်ကစားသမားတွေဖြစ်တယ်ဆိုတာ ပြသဖို့ အလုပ်တွေကို လုပ်ပြခဲ့ပါတယ်။
ကျွန်တော်တို့မှာရှိနေတဲ့ အရည်အသွေးနဲ့ တိုက်ပွဲဝင်စိတ်တွေကို ပြသခဲ့ပါတယ်။ ပြိုင်ဘက်ထက်တောင် ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု ပိုရရှိခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်ကြိုက်တဲ့အရာတွေ အများကြီး မြင်တွေ့ခဲ့ရပါတယ်”လို့ ဆိုပါတယ်။