ရှေ့သို့
Image

ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း အာဆင်နယ်စတားတစ်ဦး အနေနဲ့ ၂ ဂိုး ဒါမှမဟုတ် ၃ ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့သင့်တယ်လို့ အွန်နရီ အခိုင်အမာဆို

1:56 PM, 30 December

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း အွန်နရီက ဂျီးဆပ်စ်အနေနဲ့ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း ဂိုးရခဲ့သင့်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်မှာ ဝက်စ်ဟမ်းကိုဧည့်ခံခဲ့ရတာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်မယ့် အခွင့်အရေးရှိခဲ့ပေမယ့် စွမ်းဆောင်ရည်ကျဆင်းခဲ့တာကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဆိုချက်က အငြင်းပွားဖွယ်အခြေအနေကနေ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဒုတိယဂိုးကို အာဆင်နယ် နောက်ခံလူဟောင်း မာဗရိုပါနို့စ်က သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်ရဲ့ခံစစ်ပိုင်းကော တိုက်စစ်ပိုင်းကောအကောင်းဆုံး အနေအထားရှိခဲ့ပေမယ့် ဂိုးဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ ပွဲအပြီးမှာ အွန်နရီက အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်စ်အနေနဲ့ ဂိုး ၂ ဂိုးလောက်အထိ အနည်းဆုံးရခဲ့သင့်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

“အာဆင်နယ်က အခွင့်အရေးတွေအများကြီးရခဲ့တယ်ဆိုတာ ခင်ဗျားတို့သိမှာပါ။ တစ်ချို့အချိန်တွေမှာ တိုင်ထိတာတွေရှိသလို အဆုံးသတ်ပိုင်းလည်း လွဲချော်တာတွေရှိပါတယ်။ ဂျီးဆပ်စ်ဆိုရင် အနည်းဆုံး ၂ ဂိုး ဒါမှမဟုတ် ၃ ဂိုးလောက် ရခဲ့သင့်တာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းကို ချီးကျူးရမှဖြစ်ပြီး အာဆင်နယ်လိုအသင်းကို အဝေးကွင်းမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။ ဂျီးဆပ်စ်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကျဆင်းနေပြီး ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ဒီရာသီ အာဆင်နယ်အသင်းရဲ့ပွဲကြီးတွေမှာ အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်တဲ့သူလို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

အာတီတာကတော့ ပွဲအပြီးမှာ အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “အဲ့တာက ကျွန်တော်တို့ ကြိုးစားနေတဲ့အရာပါ။ တကယ်လို့ ကန်ချက် ၃၀ မှာ ဂိုးမသွင်းနိုင်ခဲ့ရင် ကန်ချက် ၆၀ လောက်ကနေ ဂိုးသွင်းနိုင်ဖို့ ကြိုးစားရပါမယ်။ အဲ့တာက တစ်ခုတည်းသော အရာပါ။ ပွဲတစ်ပွဲကို အများကြီးထိန်းချုပ်နိုင်ဆိုတာ စိတ်ကူးယဉ်ဖို့ မလွယ်ပါဘူး။ ပြိုင်ဘက်က အခွင့်အရေးအနည်းငယ်ပဲရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ အနိုင်ရဖို့ မလုံလောက်ခဲ့ပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဝက်စ်ဟမ်း #အွန်နရီ #ပရီးမီးယားလိဂ်