ရှေ့သို့
Image

ပယ်လ်မာက ချဲလ်ဆီးမှာ ဒီမာရီယာလိုဖြစ်လာလိမ့်မယ်လို့ ပိုချက်တီနို ဟောကိန်းထုတ်

9:20 AM, 30 December

မော်ရီစီယိုပိုချက်တီနိုက ချဲလ်ဆီးလူငယ်ကြယ်ပွင့် ကိုးပယ်လ်မာဟာ အသင်းမှာ ဒီမာရီယာလို အဆင့်မျိုးအထိ ရောက်ရှိလာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ပယ်လ်မာဟာ နွေရာသီအတွင်း မန်စီးတီးကနေ ပေါင်၄၂.၅သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ချဲလ်ဆီးမှာ အထူးခြေစွမ်းပြလျက်ရှိနေပါတယ်။ ဒီနှစ်ရာသီအတွင်း ပယ်လ်မာက ခြောက်ဂိုးသွင်းကာ ငါးဂိုး ဖန်တီးထားခဲ့ပြီး လာမယ့်နှစ် ယူရို၂၀၂၄ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပါဝင်နိုင်ဖို့ သတင်းကြီးနေပါတယ်။

ဒီမာရီယာဟာလည်း ဘင်ဖီကာမှာ ခြေစွမ်းပြလျက်ရှိနေသလို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းကို ဆုဖလားရအောင် ကူညီပေးခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပီအက်စ်ဂျီကို ကိုင်တွယ်ခဲ့စဉ်က ဒီမာရီယာနဲ့ အလုပ်တူတူ လုပ်ခဲ့ဖူးတာကြောင့် ပယ်လ်မာမှာ အာဂျင်တီးနားသားလို အရည်အသွေးမျိုးရှိနေတယ်ဆိုတာ မြင်နေခဲ့ပါတယ်။

ပိုချက်တီနိုက "ပယ်လ်မာ ကစားတဲ့နေရာရော၊ ဘယ်ခြေအားသန်ဖြစ်နေတာရောကြောင့် ဒီမာရီယာနဲ့ တူညီတဲ့ အရည်အသွေးရော၊ အရည်အချင်းရော ရှိနေပါတယ်။ သူ ဒီမီယာရီယာလိုဖြစ်လာဖို့ အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီမာရီယာက ကမ္ဘာ့ဖလားချန်ပီယံဖြစ်သလို သူ ပဲရစ်မှာတုန်းကလည်း ကျွန်တော်တို့နဲ့အတူ ရှိခဲ့လို့ အရမ်းကောင်းတဲ့ကစားသမားဆိုတာ သိပါတယ်။ ပယ်လ်မာကလည်း ဒီမာရီယာလောက်နီးပါး တိုးတက်လာမယ့် အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။ အခုအချိန်မှာ အလှမ်းဝေးနေသေးပေမယ့် ဒီလိုကစားသမားမျိုးက ကွင်းလယ်ဖန်တီးရှင်နေရာ ကစားနိုင်ပြီး ဂိုးသွင်းတာ၊ ဖန်တီးတာမျိုးတွေ ပြုလုပ်နိုင်မှာပါ။ ကစားသမားတစ်ယောက်ကို ခေါ်လိုက်တဲ့အခါ အကောင်းဆုံး ခြေစွမ်းပြဖို့ပဲ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် သူက ဒီကိုရောက်လာကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြပြီး အသင်းနဲ့ အလျင်အမြန်အထိုင်ကျခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

#ဒီမာရီယာ #ချဲလ်ဆီး #ပိုချက်တီနို #ပယ်လ်မာ #ပရီးမီးယားလိဂ်