ရှေ့သို့
Image

ဖိုဒန်ကို ပိုပြီးတည်ငြိမ်မှုရှိစေဖို့ တောင်းဆိုလိုက်တဲ့ စီးတီးအသင်းခေါင်းဆောင် ကိုင်လီဝေါ်ကာ

8:59 AM, 29 December

မန်စီးတီးအသင်းခေါင်းဆောင် ကိုင်လီဝေါ်ကာက အဲဗာတန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ ဖိုဒန်ကို ပိုပြီးတည်ငြိမ်မှုရှိဖို့ တိုက်တွန်းလိုက်ပါတယ်။ ဖိုဒန်ဟာ အဆိုပါပွဲမှာ ကွင်းလယ်လူအဖြစ်တာဝန်ယူခဲ့ပြီး စီးတီးအတွက် အရေးပါတဲ့ချေပဂိုးကို သွင်းယူခဲ့ပြီး လီဗာပူးနဲ့ ၅ မှတ်အကွာကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်သားဟာ ဒီရာသီတိုက်စစ်မှူးနောက်မှာ ပိုကစားခွင့်ရနေတာဖြစ်ပြီး အသင်း အတွက် ၉ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အခုလအစောပိုင်းတုန်းက ပဲလေ့စ်ကို သရေကျခဲ့တဲ့ပွဲမှာလည်း အခွင့်အရေးတွေကို ဖိုဒန်တစ်ယောက် ဖြုန်းတီးပစ်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့ဝေဖန်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ဖီးလ်က မယုံကြည်နိုင်စရာကောင်းပါတယ်။ သူ့မှာထိပ်တန်းအဆင့်အရည်အချင်းမျိုး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် နည်းပြ နဲ့ အသင်းဘက်က ကူညီပေးဖို့ လိုအပ်ပါတယ်။ ဖီးလ်အနေနဲ့ တည်ငြိမ်မှုပိုရှိလာဖို့လည်း လိုအပ်ပါတယ်။ ဒီရာသီမှာ သူက ပိုတောက်ပလာတယ်လို့ မြင်မိသလို တာဝန်ယူမှုလည်း ပိုရှိလာပါတယ်။ ဒီဘရိုင်း ၊ ဂန်ဒိုဂန် နဲ့ မာရက်ဇ်တို့မရှိချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်ကို ပိုမြင်လာရပါတယ်။ အဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံးသူဆက်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဝေါ်ကာက ပြောကြားခဲ့ပါတယ်။

ဖိုဒန်ဟာ ဂွါဒီယိုလာလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး အသင်းအတွက် ၁၅၆ ပွဲမှာ ၆၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

“သူ့ရဲ့စွမ်းဆောင်ရည်ကို ခင်ဗျားတို့မြင်နိုင်ပါတယ်။ သူ့အနေနဲ့ အဲ့တာကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ အဲ့လိုမှပဲ သူ့အတွက် နေရာတစ်နေရာရလာမှာပါ။ ပွဲအနည်းငယ်လောက် စွမ်းဆောင်ရည်ကျဆင်းသွားခဲ့ရင် ခင်ဗျားအနေနဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ သူ့အနေနဲ့ လက်ရှိစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ဖို့ လိုကိုလိုအပ်ပါတယ်”လို့ ဝေါ်လ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စီးတီးအသင်းဟာ အဲဗာတန်နဲ့ပွဲအပြီး လာမယ့်စနေနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #ကိုင်လီဝေါ်ကာ #ဖိုဒန် #ပရီးမီးယားလိဂ်