ရှေ့သို့
Image

ခြေကျင်းဝတ်ဒဏ်ရာကြောင့် အာရှဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာတော့တဲ့ မီတိုမာ

4:13 PM, 28 December

ဂျပန်အသင်းရဲ့တောင်ပံကစားသမား ကာအိုယူမီတိုမာဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိပြီး ၆ ပတ်ခန့် အနားယူဖို့ လိုအပ်နေတာကြောင့် အာရှဖလားပြိုင်ပွဲမှာ ဂျပန်အသင်းအတွက် ပါဝင်နိုင်ဖို့ မသေချာတဲ့အခြေအနေမှာ ရှိနေပါတယ်။

အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ်ကို ၁-၁ နဲ့ သရေကျခဲ့ပွဲစဉ်မှာ ဘရိုက်တန်အသင်းအတွက်ပါဝင်ကစားရင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘရိုက်တန်ရဲ့ နောက်ထပ် ကစားသမားတစ်ဦးဖြစ်တဲ့ ဆိုင်မွန်အာဒင်ဂရာကလည်း တံကောက်ကြောဒဏ်ရာကြောင့် အာဖရိကဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်အခြေအနေမှာရှိနေပါတယ်။

ကာတာမှာ ကျင်းပမယ့် အာရှဖလားပြိုင်ပွဲဟာ ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်သွားမှာဖြစ်ပြီး အာဖရိကဖလား ပြိုင်ပွဲကတော့ ၁၃ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါကစားသမား ၂ ဦးစလုံးဟာ သောကြာနေ့မနက်မှာ ယှဉ်ပြိုင်ကစားမယ့် တော့တင်ဟမ်နဲ့ပွဲစဉ်ကို လွဲချော်သွားမယ့် ဘရိုက်တန်ရဲ့ ဒဏ်ရာရ ကစားသမား ၁၀ ဦးစာရင်းထဲမှာ ပါဝင်နေပါတယ်။

ဘရိုက်တန်နည်းပြ ရော်ဘတ်တို ဒီဇာဘီက “မနက်ဖြန် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ကျွန်တော်တို့ ကစားသမား ၁၀ ယောက်လောက်က ဒဏ်ရာပြဿနာကြောင့် လွဲချော်သွားမှာပါ။ မီတိုမာကလည်း လွဲချော်သွားမယ့် ကစားသမားတွေထဲက တစ်ယောက်ပါ။ သူက ၆ ပတ်လောက်အထိ အနားယူဖို့လိုအပ်နေပါတယ်။ အာဒင်ဂရာကလည်း ဒဏ်ရာရရှိထားပြီး ပြန်ကစားနိုင်ဖို့ ၄-၅ ပတ်လောက် စောင့်ရပါဦးမယ်။ ဒါကြောင့် မနက်ဖြန်ပွဲစဉ်ကို မီတိုမာရော အာဒင်ဂရာပါလွဲချော်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒီဇာဘီက ဘရိုက်တန်ဟာ ယူရိုပါလိဂ်မှာပါ ကစားနေရခြင်းက အသင်းရဲ့ဒဏ်ရာရ ကစားသမားစာရင်းကို တိုးပွားစေတယ်လို့ ယူဆနေသော်လည်း တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူအပါအဝင် ပရီးမီးယားလိဂ်ရဲ့ နည်းပြတော်တော်များများဟာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဇာဘီက “ဒီရာသီကျွန်တော်တို့အသင်းဟာ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး ကံဆိုးနေပါတယ်။ မီတိုမာ၊ အက်စတူပီနန်နဲ့ ဆိုလီမာ့ချ်တို့ရဲ့ ဒဏ်ရာတွေက သာမန်ကြွက်သားဒဏ်ရာတွေမဟုတ်ပါဘူး။ တစ်ပတ်ကို ၃ ပွဲလောက်ကစားခဲ့ရတဲ့ အကျိုးဆက်လို့ပဲထင်ပါတယ်” “ကျွန်တော်တို့က ပွဲစဉ်တွေကို လူစာရင်းအပြည့်နဲ့ ကစားချင်ပေမယ့် တော့တင်ဟမ်အသင်းကလည်း ပွဲတွေကို အဓိက ကစားသမား ၇-၈ ယောက်လောက်ထိမပါဘဲကစားထားနိုင်ပါတယ်။ ပြီးတော့ ပိုစတီကိုဂလူအနေနဲ့လည်း လူစာရင်းမပြည့်လို့ဆိုပြီး ညည်းညူနေတာမျိုး တစ်ခါမှမကြားဖူးပါဘူး။ ဘောလုံးလောက ဒီလိုပဲဆိုတော့ ဒါကို လက်ခံရပါမယ်။ ဒါကြောင့် ရတဲ့လူစာရင်းနဲ့ပဲ သူတို့လို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အရန်လူစာရင်းမှာ အရင်ကလောက် အရည်အသွေးမြင့်တဲ့ ကစားသမာတွေမရှိတော့ပေမယ့် လူငယ်ကစားသမားလေးတွေရဲ့ စွမ်းအင်တွေကတော့ အများကြီးပိုရှိပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

#ဂျပန် #မီတိုမာ