ရှေ့သို့
Image

မိုဆာလက်မရှိလည်း လီဗာပူးတို့ ရှေ့ဆက်နိုင်မယ်လို့ ယုံကြည်နေတဲ့ ဂတ်ပို

1:21 PM, 28 December

မိုဆာလက် ကာလရှည်မပါဝင်နိုင်မယ့် လီဗာပူးအသင်းမှာ လက်ရှိတိုက်စစ်ပိုင်းကစားသမားတွေက အသင်းကို ထမ်းတင်ပေးနိုင်မယ်လို့ ဂတ်ပိုက ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပို့ဆောင်ပေးခဲ့တဲ့ ဘန်လေကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ၁၂ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ဒါဝင်နူနက်ဇ်က သွင်းဂိုး ရှာဖွေနိုင်ခဲ့သလို ဒဏ်ရာကြောင့် တစ်လကြာ အနားယူနေရတဲ့ ဂျိုတာလည်း လူစားဝင်ပါဝင်ကစားကာ သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ နယူးကာဆယ်နဲ့ပွဲစဉ်အပြီးမှာ မိုဆာလက်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် အီဂျစ်အသင်းနဲ့ အတူ သွားရောက်ပူးပေါင်းဖို့ ရှိနေပါတယ်။ ဒါကြောင့် လီဗာပူးအတွက် အားထားရတဲ့တိုက်စစ်မှူးဟာ အသင်းနဲ့ တစ်လကြာ ခွဲခွာရနိုင်ပါတယ်။ ဂျိုတာရဲ့ချိန်သားကိုက်ပြန်လာနိုင်မှုနဲ့အတူ အောက်တိုဘာလကတည်းက ဂိုးပေါက်ပျောက်နေခဲ့တဲ့ ဒါဝင်နူနက်ဇ် သွင်းဂိုးပြန်လည် ရရှိလာမှုက လီဗာပူးတိုက်စစ်ပိုင်းအတွက် အားတက်စရာပါပဲ။

ဂတ်ပိုကတော့ မိုဆာလက် နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ချိန်မှာလည်း အန်ဖီးလ်ကလပ်ရဲ့ပြိုင်ဘက်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့်အင်အားမျိုး ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဂတ်ပိုက “ပွဲစဉ်အနည်းငယ်မှာ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်ကစားသမားတိုင်းအတွက် သွင်းဂိုးပြန်လည်ရရှိတာ အမြဲတမ်းကောင်းမွန်သလို ဒါဝင်နူနက်ဇက်လည်း လှပတဲ့သွင်းဂိုးတစ်ဂိုးနဲ့အတူ အခုလို လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ ဂျိုတာအတွက်လည်း အလားတူပါပဲ။ ဒဏ်ရာမှပြန်လာပြီး ဂိုးသွင်းယူနိုင်တယ်ဆိုတာ အရမ်းပျော်စရာကောင်းသလို ယုံကြည်မှုလည်း ရှိစေပါတယ်။ ဒါကြောင့် အရမ်းပျော်တာပေါ့။ နယူးကာဆယ်နဲ့ပွဲစဉ်အပြီး မိုဆာလက်က အသင်းလူစာရင်းမှ ထွက်ခွာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့တွေ သွင်းဂိုးတွေ ပိုမိုလိုအပ်လာပါပြီ။ အမှန်ပါပဲ၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီထက်ပိုပြီး အသင်းကို ကူညီပေးနိုင်မယ်လို့ ယူဆထားပါတယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က အီဂျစ်ကြယ်ပွင့်ဟာ ရာသီပေါင်းများစွာ ပြိုင်ဘက်တွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့သော်လည်း မိုဆာလက် မပါဝင်နိုင်ချိန်မှာ ကျန်ကစားသမားတွေက အသင်းကို အကောင်းဆုံးဆွဲခေါ်သွားနိုင်မယ်လို့ ယူဆထားပါတယ်။

ဗန်ဒိုက်က “ တိုက်စစ်မှူးတွေ ဂိုးသွင်းနေဖို့ဆိုတာ အမြဲတမ်းလိုလို အရေးကြီးပါတယ်။ ကျွန်တော်ကတော့ ဒါဝင်နူနက်ဇ်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဂျိုတာအတွက်လည်း အလားတူပါပဲ။ ဒီကစားသမားတွေ ဂိုးသွင်းတာကိုမြင်တွေ့ရတာ ကောင်းမွန်ပါတယ်။ ကျွန်တော်ကတော့ ဂတ်ပိုလည်း ပထမပိုင်းပွဲချိန်တွေမှာ အတော်လေးထူးချွန်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ကြည့်ရတာ ကောင်းပါတယ်။ လူတိုင်းကတော့ အချင်းချင်းတွန်းအားပေးနေကြပါတယ်။ ဒါကပဲ ကျွန်တော်တို့ရဲ့အကောင်းဆုံး ပုံစံဆီ ရောက်ရှိသွားနိုင်စေမယ့် တစ်ခုတည်းသောနည်းလမ်းပါ။ တခြားသူတွေလည်း ရှေ့တက်လာရပါမယ်။ မိုဆာလက်ကို ကာလတစ်ခုကြာ ဆုံးရှုံးရဖို့ရှိနေချိန်မှာပဲ မတူကွဲပြားမှုကို ပြုလုပ်နိုင်စွမ်းရှိသူတွေ အသင်းမှာရှိပါတယ်။ ကျွန်တော်တို့ မိုဆာလက် မပါဝင်နိုင်တာကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့”လို့ ပြောပါတယ်။
လီဗာပူးရဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ အကောင်းဆုံးပြန်လာနိုင်မှုက အသင်းလူစာရင်းပိုင်းထက် ပြင်ပကမ္ဘာကို လွှမ်းမိုးရိုက်ခတ်မှု ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဂတ်ပိုကတော့ လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

အင်္ဂလန်မြေမှာ ပရီးမီးယားလိဂ်ဘောလုံးရာသီပြည့်တစ်ခုကို ကျော်ဖြတ်နေတဲ့ ဂတ်ပိုက “အမှတ်ပေးဇယားကို ကြည့်မနေရဘူးဆိုပေမယ့် ကျွန်တော်တို့တွေက တစ်ချိန်တည်းမှာ တစ်ပွဲချင်းစီပဲ ကစားသွားရပါမယ်။ ဟိုကြည့်ဒီကြည့် လုပ်မနေဘဲ အခုကိုယ်လုပ်နေတဲ့အလုပ်ကိုသာ အာရုံစိုက်ကာ ပိုပြီးတိုးတက်လာဖို့ ကြိုးစားသွားရပါမယ်။ ရက်အနည်းငယ်အတွင်း ပွဲတွေဆက်တိုက် ကစားရတဲ့ ပြိုင်ဆိုင်မှုမျိုးကို ခံစားရတာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပါပဲ။ တစ်ပွဲပြီးတစ်ပြီး ပိုကောင်းအောင်ကစားနိုင်နေမယ်ဆိုရင် ပျော်စရာကောင်းပါလိမ့်မယ်။ ဒီပွဲမှာ ခြေစွမ်း မပြနိုင်ဘူးဆိုရင်လည်း နောက်ပွဲမှာ ခြေစွမ်းပြနိုင်အောင် လုပ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတွေက ဆက်တိုက်ဆိုသလိုပဲ ရောက်ရှိလာလို့ပါ။ လူတိုင်းကတော့ အနိုင်သုံးမှတ်အပြည့် လိုချင်ကြပါတယ်။ ပြိုင်ဘက်တွေလည်း အပါအဝင်ပေါ့။ ဒါကြောင့် ကိုယ့်အလုပ်ကို အပြင်းထန်ဆုံးကြိုးစားပြီး မတူညီတဲ့ ပုံစံမျိုးတွေနဲ့ ပွဲစဉ်တွေကို အနိုင်ရရှိဖို့ လုပ်နိုင်ရပါမယ်”လို့ ပြောပါတယ်။

#လီဗာပူး #ဆာလက် #ဂတ်ပို #ပရီးမီးယားလိဂ်