ရှေ့သို့
Image

လာမယ့်ဇန်နဝါရီ ဈေးကွက်မှာ မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို အငှားနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ နယူးကာဆယ်

1:12 PM, 28 December

နယူးကာဆယ်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာစီးတီး ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

နယူးကာဆယ်ဟာ အသင်းရဲ့ဒဏ်ရာပြဿနာများကြောင့် ဒီဇင်ဘာလအတွင်းမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲတွေမှ ထွက်ခွာခဲ့ရသလို ဘောက်ဆင်ဒေးကာလမှာလည်း နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ၁-၃ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားဖြည့်တင်းဖို့အတွက် အသင်းနည်းပြ အက်ဒီဟိုဝီက ဖီးလစ်ကို ခေါ်ယူဖို့ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း နယူးကာဆယ်က ကစားသမားကို အငှားစာချုပ်နဲ့သာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မကြာခင်မှာပဲ သဘောတူညီမှုကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ မန်စီးတီးကို ရောက်ရှိနေတာ ၁၈ လကျော်ခန့် ရှိနေပြီဖြစ်သော်လည်း ကွင်းလယ်လူဖီးလစ်ဟာ အသင်းမှာအသားမကျသေးတဲ့အပြင် နည်းပြ ပက်ဂွါဒီယိုလာရဲ့ အစီအစဉ်တွေမှာလည်း ပါဝင်ပုံမပေါ်တာကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က ဖီးလစ်ဟာ စီးရီးအေကလပ် ဂျူဗင်တပ်စ်သို့ ယာယီပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ပေါ်ခဲ့သော်လည်း နယူးကာဆယ်ကတော့ အပြိုင်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲ ကျင်းပဖို့က ၆ လခန့်သာ လိုတော့တာကြောင့် ဖီးလစ်အနေနဲ့လည်း ပုံမှန်ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြသနိုင်မယ့် အသင်းကိုသာ ရွေးချယ်ဖို့လိုလားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း ဒဏ်ရာရကစားသမား အများအပြားထူထပ်လာခဲ့တဲ့ နယူးကာဆယ်ကတော့ ကစားသမား လိုအပ်ချက်များစွာ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အက်ဒီဟိုဝီ အနေနဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းကို ထိန်းချုပ်မှုကောင်းကောင်းပြုလုပ်နိုင်ဖို့ အတွက် ဖီးလစ်ပ်လိုကစားသမားမျိုးကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုဝီဟာ ဒီဇင်ဘာအစက မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ဂိုးသမား နစ်ပုတ်ဒဏ်ရာ ရရှိသွားတာကြောင့် ဂိုးသမားတစ်ဦးကိုခေါ်ယူဖို့လည်း ရှာဖွေနေပြီး ဒေးဗစ်ဒီဂီယာကို ပစ်မှတ်ထားနေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

မကြာသေးမီက ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်နဲ့အတူ အဲဗာတန်ဟာ ပရီးမီးယားလိဂ်ရဲ့ ၁၀ မှတ်လျှော့ပြစ်ဒဏ်ကို ခံခဲ့ရတာကြောင့် နယူးကာဆယ်အနေနဲ့လည်း ဇန်နဝါရီအတွင်း တန်ကြေးကြီးတဲ့ ကစားသမားတွေကို ပစ်မှတ်ထားဖို အလားအလားမရှိပါဘူး။ လက်ရှိအချိန်မှာတော့ ဖီးလစ်ကိုလည်း အငှားစာချုပ်နဲ့သာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

#မန်စီးတီး #နယူးကာဆယ် #ကယ်ဗင်ဖီးလစ် #ဟိုဝီ #ပရီးမီးယားလိဂ်