ရှေ့သို့
Image

အရှေ့အလယ်ပိုင်း ယဉ်ကျေးမှုနဲ့ အသားမကျခဲ့ဘူးလို့ ဆိုလိုက်တဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်

11:22 AM, 28 December

ကာတာမှာ ကိုယ်လုံးတီးရေချိုးတာမျိုး ခွင့်မပြုဘူးလို့ သိရှိခဲ့ရပြီးနောက် ထိတ်လန့်ကြောက်ရွံ့ခဲ့ရကြောင်း ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ဝန်ခံလိုက်ပြီး သူ့ရဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဘဝကိုလည်း ပြန်လည်ပြောပြခဲ့ပါတယ်။

ကိုလံဘီယာသားက ၂၀၂၁ ခုနှစ်၊ အဲဗာတန်မှ ထွက်ခွာလာပြီးနောက် ကာတာကလပ် Al Rayyan အတွက် တစ်နှစ်ကြာ ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် သူက အရှေ့အလယ်ပိုင်းကလပ်မှာ ခြေစွမ်းမပြနိုင်ဘဲ ၁၃ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

တစ်နှစ်လုပ်ခလစာ ပေါင်ခြောက်သန်းတန် သုံးနှစ်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလအတွင်း ဒီစာချုပ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် ရပ်ဆိုင်းခဲ့ပြီးနောက် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က အိုလံပီယာကော့စ်ဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

လက်ရှိမှာတော့ ကွင်းလယ်တိုက်စစ်ကစားသမားက ပွဲစဉ်တစ်ခုအပြီး ကိုယ်လုံးတီးရေချိုးမှုကို ခွင့်မပြုခြင်းအပါအဝင် ကာတာနိုင်ငံရဲ့ဓလေ့ထုံးစံတွေဟာ သူနဲ့ လိုက်လျောညီထွေမဖြစ်ခဲ့ဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဘရာဇီးအခြေစိုက်ရုပ်သံသတင်းဌာန Globo နဲ့တွေ့ဆုံချိန် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က “ကာတာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လူနေထိုင်မှုပုံစံတွေကို လိုက်လျောညီထွေဖြစ်ဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။ အခြေတကျနေထိုင်နိုင်ဖို့ရာ ခက်ခဲတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဘောလုံးအားကစားမှာ လူတိုင်းက ပွဲပြီးချိန် ကိုယ်လုံးတီရေးချိုးလေ့ရှိတာကို ခင်ဗျားသိကောင်းသိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အသင်းဖော်တွေက ကျွန်တော့်ကို ဒါမျိုးလုပ်လို့ မရဘူးလို့ ပြောပါတယ်။ ကျွန်တော် အရမ်းကြောက်သွားခဲ့ပါတယ်။ အဲ့ဒီနိုင်ငံမှာ လူတိုင်းက အစားအစာကို ဇွန်းခရင်းနဲ့ မစားကြဘဲ ကိုယ့်ရဲ့လက်နဲ့ပဲ စားသောက်လေ့ရှိပါတယ်။ ဒါကလည်း ကျွန်တော့်အတွက် တကယ်ခက်ခဲခဲ့ပါတယ်။ သူတို့ရဲအစားအစာတွေကို ကျွန်တော့်ဆီ လာပေးတိုင်း ငြင်းဆန်လေ့ရှိပါတယ်။ ဇွန်းခရင်းသုံးချင်လို့ တောင်းတော့လည်း လက်နဲ့ပဲစားရမယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း မင်းတို့ ရူးနေတာပဲ၊ ငါကတော့ လက်နဲ့ မစားတက်ဘူးလို့ ပြန်ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်မှ ဘိုင်ယန်မြူးနစ်ဆီ အငှားဖြင့် ပြောင်းရွှေ့လာတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ဂျာမန်မြေမှာ နှစ်နှစ်ကျော်ကြာ နေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို နှစ်ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထင်ရှားလာတဲ့ ဘောလုံးကြယ်ပွင့်က မြူးနစ်မြို့မှာ နေထိုင်ခဲ့ရတဲ့အချိန်တွေမှာလည်း ပျော်ရွှင်စရာ မကောင်းခဲ့ဘူးလို့ ဆိုလာပါတယ်။

“အဲ့ဒီနိုင်ငံက အရမ်းအေးပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ် ဆိုပေမယ့် ဂျာမန်လူမျိုးဆိုတာ အေးအေးဆေးဆေးနေတက်သူတွေ ဖြစ်ပါတယ်။ အလုပ်ကို မနက်ကိုးနာရီလောက် ထွက်သွားရတဲ့နေ့တွေမှာ အပူချိန်က အနုတ် ၂၈ အထိ ရှိနေလို့ ကျွန်တော် ကားထဲမှာပဲ ထိုင်နေခဲ့ရပါတယ်။ ကျွန်တော့်ကို ကျွန်တော်လည်း ငါဒီမှာ ဘာတွေလာလုပ်နေတာလဲလို့ ပြန်မေးမိခဲ့ပါတယ်။ မြူးနစ်မြို့ဆိုတာ လူနေထိုင်မှုဘဝ ပုံစံကောင်းတွေရှိတဲ့မြို့ဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ အဆင်မပြေခဲ့ပါဘူး”လို့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ဆက်ပြောခဲ့ပါတယ်။

လက်ရှိမှာ ဥရောပဘောလုံးလောက မှထွက်ခွာလာတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ဘရာဇီးကလပ် ဆော်ပေါ်လိုဆီ ပြီးခဲ့တဲ့ဇူလိုင်လမှာပဲ ရောက်ရှိလာခဲ့ပြီး နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ ခြေသလုံးအိမ်တိုင် ကစားသမား အဖြစ် ၂၀၂၀ ပြည့်နှစ်မှာ အန်ဆယ်လော့တီနဲ့ ပူးပေါင်းဖို့ အဲဗာတန်ဆီ ပြောင်းရွှေ့ခဲ့ပေမယ့် နည်းပြဘင်နီတက်ဇ် လက်ထက်မှာတော့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ် ပွဲကစားချိန် နည်းပါးသွားခဲ့ပါတယ်။

#ဘိုင်ယန်မြူးနစ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်