ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့ ပွဲမှာ ယူနိုက်တက်ကစားသမားတစ်ဦး ကံကောင်းခဲ့တယ်လို့ ပြောကြားလာတဲ့ ပေါလ်စခိုးလ်

4:17 PM, 27 December

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်း ပေါလ်စခိုးလ်က ယနေ့နံနက်က အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ကစားသမားတစ်ယောက် ကံကောင်းခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဘောက်ဆင်ဒေးမှာ ယူနိုက်တက်ဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုရဲ့ သွင်းဂိုး ၂ ဂိုး တိုက်စစ်မှူး ဟွိုက်လန်းရဲ့ သွင်းဂိုး ၁ ဂိုးနံ့အတူ အက်စတွန်ဗီလာကို အလဲထိုးအနိုင်ယူခဲ့ပါတယ်။

သို့သော်လည်း ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ ယူနိုက်တက်ဟာ အက်စတွန်ဗီလာမှ မက်ဂင်းနဲ့ ဒန်ဒွန်ကာတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုထားရတာကြောင့် ၀-၂ နဲ့ ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းရောက်မှာသာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ တိုက်စစ်မှူး ဟွိုက်လန်းရဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲမြောက်ပွဲစဉ်ဖြစ်လာခဲ့ပြီး ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ ၁၄ ပွဲကြာဂိုးမိုးခေါင်မှုကို ဒီပွဲရောက်မှသာ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဟွိုက်လန်းဂိုး မသွင်းခင်မှာ မန်နေဂျာအဲရစ်တန်ဟက်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို လူစားလဲမှုပြုလုပ်ခဲ့ပြီး မားကက်ရက်ရှ်ဖို့ဒ်ကို မိနစ် ၈၀ မှာလူစားလဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ ပေါလ်စခိုးလ်က ဟွိုက်လန်းအနေနဲ့ လူစားလဲခံရခြင်းမရှိဘဲ ဂိုးသွင်းနိုင်ခဲ့တာ ကံကောင်းခဲ့တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟောင်းက “သူ ဂိုးသွင်းနိုင်ခဲ့တာ ကံကောင်းပါတယ်။ သူ ကွင်းထဲကနေအထုတ်မခံခဲ့ရတာလည်း ကံကောင်းပါတယ်။ ဒါပေမယ့် မိုက်ကယ်အိုဝင် ပြောသလို ကစားသမားတစ်ယောက်အနေနဲ့ ဂိုးတွေ မသွင်းနိုင်ရင်တောင် ကိုယ့်ရဲ့ဗီဇအတိုင်း ရှိသမျှအချိန်တွေကို ဂိုးသွင်းနိုင်ဖို့ ကြိုးစားနေရပါမယ်” “ကောင်လေးအတွက် အရမ်းပျော်ပါတယ်။ သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝ အစပိုင်းက အခက်အခဲတွေရှိခဲ့တာကြောင့် အခုချိန်မှာတော့ တတ်နိုင်သလောက် ရုန်းထွက်ပြီး ဂိုးတွေအများကြီး ထပ်သွင်းနိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပေါလ်စခိုးလ်က အသင်းရဲ့ကွင်းလယ်လူ ခရစ်ရှင်အဲရစ်ဆင်နဲ့ တောင်ပံကြယ်ပွင့် မားကက်ရက်ရှ်ဖို့ဒ်တို့ကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ ကွင်းလယ်လူဟောင်းက “ဒီနေ့မှာ ယူနိုက်တက်ဟာ ပထမပိုင်း ၂၅ မိနစ်ကစပြီး ပွဲပြီးဆုံးချိန်အထိ ဘယ်ချိန်မဆို ဂိုးသွင်းနိုင်တယ်လို့ ယူဆရပါတယ်။ မားကက်ရက်ရှ်ဖို့ဒ်ကလည်း သူ့ရဲ့အကောင်းဆုံးပုံစံကို နည်းနည်းပြန်ရလာတဲ့ ပုံပေါ်ပါတယ်။ အလီဂျန်ဒရိုဂါနာချိုကလည်း ၂ ဂိုးသွင်းပြီး ဟွိုက်လန်းကတော့ ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်” “သူတို့တွေက လူငယ်ကစားသမားတွေဖြစ်တာကြောင့် လိုက်လျောညီထွေဖြစ်ဖို့ခက်ခဲပေမယ့် တစ်ဦးနဲ့တစ်ဦး နားလည်မှုတည်ဆောက်ထားနိုင်ပါတယ်။ ခရစ်ရှင်အဲရစ်ဆင်ကလည်း အသင်းကို အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ကြီးမားတဲ့ပြောင်းလဲမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်” လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ယခုပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အက်စတွန်ဗီလာကတော့ အဆင့် ၃ နေရာမှာပဲ ဆက်လက်ရပ်တည်ထားနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ပေါလ်စခိုးလ် #ပရီးမီးယားလိဂ်