ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ပြုလုပ်ခဲ့တဲ့ အိုနာနာရဲ့အမှားအပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ အီဗရာ

3:03 PM, 27 December

ယနေ့နံနက်က အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာမှတစ်ဆင့် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရသော်လည်း အသင်းရဲ့နောက်ခံကစားသမားဟောင်း ပက်ထရစ်အီဗရာကတော့ အိုနာနာကို ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့နွေရာသီကစတင်ပြီး ဒေးဗစ်ဒီဂီယာရဲ့နေရာမှာ နံပါတ် ၁ ဂိုးသမားအဖြစ် အစားထိုးဝင်ရောက်လာခဲ့တဲ့ အိုနာနာဟာ သူရဲ့ပွဲဦးထွက်ရာသီမှာပဲ အမှားတွေအမျိုးမျိုးကျူးလွန်ထားပြီး ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခု အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာလည်း ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ အမှားတစ်ခုပြုလုပ်မိခဲ့ပြီး မက်ဂင်းရဲ့ပြစ်ဒဏ်ဘောကန်ချက်ကို ဖမ်းယူနိုင်ခဲ့ခြင်းမရှိဘဲ အဖွင့်ဂိုးအဖြစ် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာတော့ ယူနိုက်တက်ဟာ အူနိုင်းအမ်မရီရဲ့အသင်းကို ၀-၂ နဲ့ရှုံးနိမ့်နေခဲ့ပြီး အိုနာနာကိုလည်း အိုးလ်ထရက်ဖို့ဒ်ပရိသတ်တွေက လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သို့သော်လည်း အီဗရာကတော့ အသက်-၂၇ နှစ်အရွယ် ဂိုးသမားကို ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်တဲ့အနေနဲ့ “ဒါကတော့ ဂိုးသမားရဲ့ ကိုယ်ပိုင်ဟန်နဲ့သက်ဆိုင်ပါတယ်။ တကယ်လို့ အိုနာနာနေရာမှာ ကော်တိုရစ်ဆိုရင်တော့ ဒီဘောလုံးကို ထွက်ပုတ်မှာပါပဲ။ ဒါပေမယ့် ဗန်ဒါးဆားတို့ ဒီဂီယာတို့ကတော့ ဒီလိုမျိုး ဘယ်တော့မှထွက်ပုတ်ကြမှာမဟုတ်ပါဘူး။ လူတွေကတော့ ဒီဂိုးက ဂိုးသမားရဲ့အမှားကြောင့် ပေးလိုက်ရတာလို့ ပြောကြပေမယ့် ကျွန်တော့်အမြင်မှာတော့ ဂိုးသမားရဲ့ ကိုယ်ပိုင်ကစားဟန်နဲ့သက်ဆိုင်တယ်လို့ထင်ပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အီနီအာလူကိုကတော့ အီဗရာရဲ့အမြင်နဲ့ဆန့်ကျင်ပြီး အိုနာနာရဲ့အမှားလို့သာ ပြောကြားခဲ့ပါတယ်။ သူက “ကျွန်တော့်အနေနဲ့ကတော့ အိုနာနာက အသင်းရဲ့ ဂိုးဧရိယာကို ဒီထက်ပိုပြီး ကောင်းကောင်းထိန်းချုပ်နိုင်သင့်တယ်လို့ ထင်ပါတယ်။ ဘောလုံးကို ဂိုးဧရိယာထဲကိုဝင်လာတဲ့အခါတိုင်း တာဝန်အရှိဆုံးလူက ဂိုးသမားပါ။ အရှေ့မှာ ပိတ်ဆို့မှုတွေရှိပြီး မက်ဂင်းရဲ့ကန်ချက်ကလည်း ကောင်းခဲ့ပေမယ့် ဂိုးသမားအနေနဲ့ ရှေ့ကို ၁ လှမ်း ၂ လှမ်းလောက်ထွက်ပြီး ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ဘောလုံးဝင်လာပြီဆိုတာနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကို ထိန်းချုပ်နိုင်ဖို့ ဂိုးသမားက ဘောလုံးကိုအနီးကပ်ဆုံးကာကွယ်နိုင်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။  

ယူနိုက်တက်ဟာ အက်စတွန်ဗီလာကို ပထမပိုင်းမှာ ၀-၂ နဲ့ရှုံးနိမ့်နေခဲ့သော်လည်း အီဗရာကတော့ အသင်းရဲ့ပထမပိုင်းကစားပုံဟာ ကောင်းမွန်ခဲ့ကြောင်းနဲ့ အထင်ကြီးခဲ့မိကြောင်း ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဘယ်နောက်ခံလူဟောင်းက “ခင်ဗျားအနေနဲ့ ပထမပိုင်းကို အစအဆုံးမကြည့်ဘဲ ရလဒ်ကိုပဲကြည့်မယ်ဆိုရင် ပထမပိုင်းက ၀-၂ ဆိုတဲ့ရလဒ်ကို “ဒီအသင်းကတော့ လုပ်ပြန်ပြီ”လို့ တွေးမိပါလိမ့်မယ်။ ဒါပေမယ့် ပွဲမစခင်ကတည်းက ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း ယူနိုက်တက်ဟာ စည်းကမ်းရှိလာပါပြီ” “ သူတို့မှာ ပထမပိုင်းအတွင်း အနိုင်ရရှိဖို့ လုံလောက်တဲ့ ဖန်တီးမှုတွေနဲ့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ဆုံးဖြတ်ချက်အမှားတွေကြောင့် ဂိုးမရရှိခဲ့တာပါ။ ဒါကြောင့် သူတို့ကို ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ ထိုင်ပြောနေလို့မရပါဘူး။ ဒုတိယပိုင်းမှာလည်း ပထမပိုင်းကပုံစံအတိုင်း အကောင်းဆုံး ကစားနိုင်ခဲ့လို့ သူတို့ ၃-၂ နဲ့ နိုင်ခဲ့တာက ကျွန်တော့်အတွက် အံ့ဩစရာမဟုတ်ပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီဗရာ #အက်စတွန်ဗီလာ #ပရီးမီးယားလိဂ်