ရှေ့သို့
Image

ဒဏ်ရာပြဿနာမှပြန်လည်သက်သာလာတာကြောင့် စပိန်စူပါဖလားပွဲစဉ်မှာ ပါဝင်လာနိုင်ချေရှိတဲ့ ဗင်နီစီးယက်စ်

4:20 PM, 26 December

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားတော်တော်များများဟာ ဒဏ်ရာပြဿနာများနဲ့ ရင်ဆိုင်နေပြီး ယခုအခါမှာတော့ အသင်းရဲ့စူပါစတား ဗင်နီးစီးယက်စ်ဂျူနီယာက ထင်ထားတာထက် ပိုပြီးလျင်မြန်စွာ သက်သာလာတာကြောင့် အသင်းရဲ့ ဒဏ်ရာအကြပ်အတည်းကို အနည်းငယ်ပြေလျော့စေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ကာလတိုအနားယူနေရတဲ့ ကစားသမားတွေသာမက ကာလရှည်အနားယူဖို့လိုအပ်နေတဲ့ ဒဏ်ရာရကစားသမားတွေ ရှိနေသော်လည်း အသင်းနည်းပြ ကားလို့စ် အန်ဆယ်လော့တီကတော့ ရသလောက်လူစာရင်းကို အကောင်းဆုံး စုစည်းပြီး လာလီဂါမှာရော ချန်ပီယံလိဂ်မှာပါ ထိပ်ဆုံးနေရာတွေမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဗင်နီစီးယက်စ်အပါအဝင် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကာမာဗင်ဂါနဲ့ ချူအာမာနီတို့သာမက လူငယ်ကစားသမားလေး အာဒါဂူလာကပါ ဒဏ်ရာတွေကနေ သက်သာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဗင်နီစီးယက်စ်ဟာ လာမယ့်လမှာ ကျင်းပမယ့် စပိန်စူပါဖလား ပွဲစဉ်ကနေစတင်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ပြန်လည်ပါဝင်နိုင်သွားမယ်လို့သိရပါတယ်။

ကနဦးက ကစားသမားဟာ ယခုထက်ပိုပြီး အနားယူရမယ့် အခြေအနေမှာရှိခဲ့ပေမယ့် ယခုအခါမှာတော့ ထင်ထားတာထက်ပိုမိုလျင်မြန်စွာသက်သာလာတာဖြစ်ပါတယ်။ ကစားသမားဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ဆောင်တဲ့အပြင် စည်းကမ်းလည်းလိုက်နာတာကြောင့် ယခုလို အလျင်အမြန် သက်သာလာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘရာဇီးလ်တောင်ပံကစားသမားဟာ ၂၀၂၄၊ ဇန်နဝါရီ၊ ၁၀ ရက်နေ့ အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်စူပါဖလားပွဲစဉ်မှာ စတင်ပါဝင်ခွင့်ရရှိသွားဖို့ အလားအလာများနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ပြီး ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နေကာ ခရစ္စမတ်အားလပ်ရက်ကို ထိုက်ထိုက်တန်တန်အနားယူနေတာဖြစ်ပါတယ်။ သို့သော်လည်း ကာမာဗင်ဂါနဲ့ ဗင်နီစီးယက်စ်တို့ကတော့ အနားယူခြင်းမရှိဘဲ ဒဏ်ရာမှအမြန်ဆုံးပြန်လည်သက်သာနိုင်ဖို့ ကုသမှုတွေနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေကြဆဲဖြစ်ပါတယ်။

ကစားသမား ၂ ဦးဟာ လက်ရှိမှာ အမေရိကန်မှာရောက်ရှိနေကြပြီး ခရစ္စမတ်ကာလကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနေကြပါတယ်။ သို့သော်လည်း ကစားတွေဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ တိုက်ပွဲဝင်ရာမှာ အဆင်သင့်ဖြစ်နေစေဖို့အတွက် လော့စ်အိန်ဂျလိစ်ရှိ အယ်လ်အေဂလက်ဆီရဲ့ အဆောက်အဦတွေမှာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေကြတာဖြစ်ပါတယ်။

ကစားသမားတွေရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်တွေဟာ လေးစားစရာဖြစ်ပြီး ကွင်းထဲမှာပြန်လည် ခြေချဖို့ကြိုးစားနေမှုတွေက ဘောလုံးအပေါ်ဘယ်လောက်ရူးသွပ်တယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဗင်နီစီးယက်စ်