ရှေ့သို့
Image

အသင်းဖော် ကိုနာတေးရဲ့ခြေစွမ်းပိုင်း တိုးတက်နေဆဲပဲလို့ ချီးကျူးလိုက်တဲ့ လီဗာပူး ကပ္ပတိန်ဗန်ဒိုက်

3:47 PM, 26 December

အခုလိုပုံစံမျိုးနဲ့ပဲ ကစားခွင့်ရရှိတဲ့ပွဲစဉ်တွေတိုင်းမှာ ဆက်လက်စွမ်းဆောင်ပေးသွားရန် ကိုနာတေးကို အားပေးနေတယ်လို့ လီဗာပူး အသင်းခေါင်းဆောင်ဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။ ဗန်ဒိုက်က ကိုနာတေးအတွက် တိုးတက်လာဖို့ရှိနေသေးတယ်လို့ ခံစားမိနေပါတယ်။

ဘောက်ဆင်ဒေးလိဂ်ပွဲစဉ်အဖြစ် ဘန်လေနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ဗန်ဒိုက်က “ကိုနာတေးက တိုးတက်နေဆဲဖြစ်သလို ထူးချွန်တဲ့နောက်ခံလူတစ်ဦးလည်း ဖြစ်ပါတယ်။ ထိပ်တန်းဗဟိုခံစစ်မှူးတစ်ဦးဖြစ်လာစေမယ့် မော်ဒန်ဘောလုံးလောကရဲ့ တောင်းဆိုချက်တွေ အားလုံး ကိုနာတေးဆီမှာ အပြည့်ရှိပါတယ်။ ကျွန်တော်တို့ကလည်း သူ့ဆီ တောင်းဆိုမှုတွေ အများကြီးလုပ်ပါတယ်။ ကျွန်တော်တို့က ခံစစ်လိုင်းကို မြှင့်တင်ပြီး ဘောလုံးကစားတာဖြစ်လို့ ကိုယ့်ရဲ့နောက်မှာရှိနေတဲ့ နေရာလွတ်အကျယ်ကြီးကို ကိုင်တွယ်ဖြေရှင်းသွားဖို့အတွက် အမြန်နှုန်းလိုအပ်ပါတယ်။ ကိုနာတေးက အမြန်နှုန်းနဲ့ ခေါင်းတိုက်မှုအပိုင်းမှာ လိုအပ်ချက်ရှိပါတယ်။ ဒါကိုလည်း သူအကောင်းဆုံး လုပ်ဆောင်နေပါတယ်။ သုံးရက်တစ်ပွဲနှုန်းကစားနေရချိန်မှာ ကိုယ့်ရဲ့ကြံ့ခိုင်မှုပိုင်း၊ ပွဲတွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို စီမံခန့်ခွဲဖို့ ကြည့်ရှုရပါတယ်။ တချို့အရာတွေကိုလည်း အချိန်အတိအကျ လုပ်ဆောင်ရပါတယ်”

“ကိုနာတေးက သင်ယူနေဆဲပါ။ အချို့အရာတွေနဲ့ပတ်သက်လို့ ကျွန်တော် သူနဲ့စကားတွေ အများကြီးပြောဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံတွေကို သူ့ဆီမျှဝေပေးဖို့ဆိုတာ ကျွန်တော့်တာဝန်ဖြစ်နေလို့ပါပဲ။ သူက သင်ယူနေဆဲဖြစ်ပြီး အခုထက်တောင် ပိုကောင်းလာနိုင်ပါသေးတယ်။ ကွင်ဆာကိုလည်း ဒီအတိုင်းပဲ ကူညီပေးပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ရဲ့အတွေ့အကြုံတွေ မျှဝေပေးချင်တယ်ဆိုရုံလောက်ပါပဲ။ ပွဲတွေ အတော်အသင့်ကစားနိုင်ခဲ့ပြီး ထိုက်သင့်တဲ့ အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုယ့်ရဲ့အတွေ့အကြုံတွေကို လူငယ်ကစားသမားတွေဆီ မျှဝေပေးနိုင်ဖို့ ကြိုးစားပါတယ်။ ဒီအသက်အရွယ်အပိုင်းအခြားမှာရှိနေတဲ့ ကစားသမားတိုင်းက ကျွန်တော်တို့တုန်းကထက်တောင် ပိုကောင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကြိုးစားအားထုတ်မှုတွေက ရေရှည်လုပ်ဆောင်သွားရမယ့် အရာတွေပါ”

“ကျွန်တော်ကတော့ အခုရောက်ရှိနေတဲ့ ကိုနာတေးရဲ့ပုံစံကောင်းအတွက် ကျေနပ်အားရမိပါတယ်။ ဒါပေမယ့် သူက ပိုကောင်းလာနိုင်သေးသလို ပိုတိုးတက်နိုင်နေဆဲဖြစ်ပါတယ်။ တိုးတက်လာမှုတွေကို မြင်တွေ့ရတာ ပျော်ဖို့ကောင်းသလို နားထောင်သင်ယူလိုစိတ်ရှိကြတာကို တွေ့ရလို့ ဝမ်းသာမိပါတယ်။ ဘယ်လိုအရာတွေ သယ်ဆောင်လာနိုင်မလဲဆိုတာ စောင့်ကြည့်သွားကြရပါမယ်”လို့ ပြောပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ကိုနာတေး #ပရီးမီးယားလိဂ်