ရှေ့သို့
Image

ရာသီဝက်ကာလမတိုင်ခင် ပြိုင်ဘက်အသင်းတွေကို သတိပေးစကားဆိုလာတဲ့ ဗန်ဒိုက်

10:09 AM, 26 December

လက်ရှိလီဗာပူး အသင်းဟာ အောင်မြင်မှုတွေ ရယူနိုင်မယ့်လမ်းကြောင်းမှန်အပေါ် ပြန်လည်ရောက်ရှိနေပြီလို့ နောက်ခံလူဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။

သူက ကလပ်အသင်းတိုင်းဟာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ဆိုရင် တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကောင်းတွေ ရှိထားရမယ်ဆိုတာကို သိထားပြီး လက်ရှိယာဂန်ကလော့ပ်ရဲ့အသင်းက အဲ့ဒီလိုအဆင့်မျိုးမှာရှိနေတယ်လို့ ယုံကြည်နေပါတယ်။ လတ်တလောမှာ ကြိုးကြာနီတွေက ဘန်လေနဲ့ အဝေးကွင်းပွဲစဉ်တစ်ခုကို ရင်ဆိုင်ကစားရင်း ရာသီဝက်ကာလကို ပြီးမြောက်လာဖို့ရှိနေပြီး ဗန်ဒိုက်ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီနိမ့်ကျခဲ့ရမှုတွေနဲ့ နှိုင်းယှဉ်ကာ မီးမောင်းထိုးပြောပြခဲ့ပါတယ်။

လီဗာပူးကပ္ပတိန်က “တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းတသမတ်တည်းရှိနေဖို့ဆိုတာ ဘောလုံးလောကမှာ အခက်ခဲဆုံးအရာပါပဲ။ အခု ကျွန်တော်တို့က ဒီဇင်ဘာကာလကို ရောက်ရှိနေပြီး ပွဲစဉ်တွေအများကြီးကစားရဖို့ ကျန်ရှိနေပါသေးတယ်။ အောင်မြင်မှုလမ်းကြောင်းပေါ် ခေါ်ယူပေးသွားနိုင်မယ့် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ပိုင်းကို တသတ်မတ်တည်းရှိနေဖို့ ထိန်းထားနိုင်ရပါမယ်။ ခင်ဗျားတို့တော့ မသိပါဘူး၊ ကျွန်တော်တို့တွေက တစ်ပွဲချင်းစီပဲ အာရုံစိုက်ကစားသွားပါမယ်။ ချန်ပီယံလုပွဲဆိုတာက အခုမဟုတ်သေးပါဘူး။ ဖေဖော်ဝါရီ(သို့မဟုတ်) မတ်လလောက်ဆိုရင်တော့ ချန်ပီယံဆုအတွက် ဘယ်သူတွေတွန်းအားပေးနေသလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရနိုင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့က အမှတ်ပေးဇယားရပ်တည်မှု အပိုင်းမှာ မြင့်နိုင်သမျှ အမြင့်ဆုံးနေရာအထိ ရောက်ရှိနေအောင် လုပ်သွားဖို့ပဲ ရှိပါတယ်။ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းရှိစေဖို့ လုပ်နိုင်မယ့် စွမ်းအားတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါပေမယ့် တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းကို တသမတ်တည်းရှိနေဖို့ဆိုတာ ကစားသမားတစ်ဦးအတွက်ရော၊ ကလပ်အသင်းတစ်ခုအတွက်ပါ အရမ်းခက်ခဲတဲ့အရာတစ်ခု ဖြစ်ပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့တွေ အဆင်ပြေနေပြီး နိုင်ပွဲတွေ ဆက်တိုက်ရရှိနေဖို့ပဲ ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ အန်ဖီးလ်ကွင်းမှာ အာဆင်နယ်နဲ့ သရေကျခဲ့ပြီးနောက် လီဗာပူးက ခရစ္စမတ်ကာလ အမှတ်ပေးဇယား ဦးဆောင်သူနေရာနဲ့ လွဲချော်ခဲ့သလို ဆီမီကတ်စ်ပါ ဒဏ်ရာ ရရှိခဲ့မှုကြောင့် စီနီယာဘယ်အစွန်ခံစစ်ကစားသမားစစ်စစ် မရှိတော့ပါဘူး။ ဗန်ဒိုက်ကတော့ အခုပွဲစဉ်သရေရလဒ်အပေါ် အပြုသဘောဆောင်တဲ့အမြင်မျိုးနဲ့ ချဉ်းကပ်လာခဲ့ပါတယ်။

“ပွဲအစပိုင်းနဲ့နှိုင်းယှဉ်ရင်တော့ ကျွန်တော်တို့ တစ်မှတ်ပိုရခဲ့တယ်လေ။ ဒီပွဲစဉ်အတွင်း ကျွန်တော်တို့အသင်း အတွက် ကောင်းမွန်တဲ့အရာတွေရှိခဲ့သလို တိုးတက်လာရမယ့်အပိုင်းတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲစဉ်အတွင်း အခြေအနေတွေကို ပြန်လည်တည့်မတ်လာစေဖို့ အချိန်အနည်းငယ်ပဲ ယူခဲ့ရပါတယ်”လို့ ဗန်ဒိုက်က ဆိုပါတယ်။

အခုပွဲစဉ်မှာ ဆီမီကတ်စ်ဒဏ်ရာ ရသွားခဲ့ပြီးနောက် ဂျိုဂိုးမက်ဇ်က ယာယီဘယ်အစွန်နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပြီး ကလော့ပ်အနေဖြင့် ရော်ဘတ်ဆန်ဒဏ်ရာမသက်သာလာသေးခင်အထိ သူ့ကို ဘယ်ခြမ်းအစွန်ခံစစ်မှာ ပွဲထုတ်သွားမယ့်အလားအလာတွေ ရှိနေပါတယ်။

ယာဂန်ကလော့ပ်က “ဂျိုဂိုးမက်ဇ်ဟာ ကျွန်တော်တို့ မသိထားသေးတဲ့အချိန်အထိ ပွဲတွေအားလုံးကို ကစားပေးသွားနိုင်မလား? ရော်ဘတ်ဆန်လည်း ပြန်လာပါလိမ့်မယ်။ ဆီမီကတ်စ်ကတော့ ကာလရှည်အနားယူရပါလိမ့်မယ်။ ကျွန်တော်လည်း မသိသေးပါဘူး။ စောင့်ကြည့်သွားရပါမယ်။ တခါတရံမှာ ဒဏ်ရာပြဿနာဆိုတာ ပေါ်ပေါက်လာတက်လို့ လက်ခံရပါမယ်။ ဒါပေမယ့် ကုသချိန်အရမ်းကြာတဲ့ ညှပ်ရိုးကျိုးဒဏ်ရာ ရရှိတာကတော့ အလွန်ဆိုးရွားလွန်းပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ကလော့ပ် #ပရီးမီးယားလိဂ်