ရှေ့သို့
Image

မက်ဆီလက်သစ်လို့ နာမည်ကြီးနေတဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့်လေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်စီးတီး

9:40 AM, 25 December

မန်စီးတီးအသင်းဟာ ယခုနှစ်ပိုင်းတွေအတွင်း အပြောင်းအရွှေ့ဈေးကွက်တွေမှာ အကောင်းဆုံး ပါဝင်လှုပ်ရှားပြီး ကလပ်အနာဂတ်အတွက် မှန်ကန်တဲ့ခေါ်ယူမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖလားသုံးလုံးချန်ပီယံတို့ဟာ အင်္ဂလိပ်ဘောလုံးလောကကို နှစ်တွေအကြာကြီး ကြီးစိုးထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း ဖလားသုံးလုံး ဆွတ်ခူးထားခဲ့ပါတယ်။ ယခုနှစ်ရာသီအတွင်းမှာလည်း ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးကာ အောင်ပွဲခံထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း မန်စီးတီးဟာ ဂမ်ဒိုဂန်၊ မာရက်ဇ်၊ လာပေါ်တေး၊ ပယ်လ်မာတို့လို ကစားသမားတွေကို လက်လွှတ်ထားခဲ့ပေမယ့် ကိုဗာဆစ်၊ ဒိုကူ၊ ဂျီဗာဒီအောတို့ကို ပြန်လည်အားဖြည့်ထားခဲ့ပါတယ်။ မန်စီးတီးဟာ ယခုအချိန်မှာလည်း မက်ဆီလက်သစ်လို့ အမွှန်းတင်ခံထားရတဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့်လေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

အသက်၁၇နှစ်အရွယ်သာရှိသေးပြီး ရေးဗားပလိတ်အသင်းမှာ ကစားနေတဲ့ ကလော်ဒီယိုအီချီဗာရီဟာ လူငယ်ပွဲစဉ်တွေမှာ ခြေစွမ်းပြသနေတဲ့အတွက် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့လို ဥရောပအသင်းကြီးတွေက ချိတ်ဆက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ မန်စီးတီးဟာ အီချီဗာရီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထား ရောက်လာပြီဖြစ်ကြောင်း သိရပါတယ်။

ရိုမာနိုက ဒီအပြောင်းအရွှေ့ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး မန်စီးတီးက ပြောင်းရွှေ့ကြေး ယူရိုသန်း၂၀ကျော်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ ဖော်ပြထားပါတယ်။ မန်စီးတီးဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီတုန်းကလည်း ရေးဗားပလိတ်တိုက်စစ်မှူး အယ်ဗာရက်ဇ်ကို ခေါ်ယူကာ ရာသီဝက်အငှားချခဲ့ပြီး ရာသီသစ်ရောက်မှ အသင်းမှာ အသုံးပြုတာမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။

#မန်စီးတီး #အာဂျင်တီးနား #အပြောင်းအရွှေ့ #အက်ချီဗာရီ