ရှေ့သို့
Image

အာဆင်နယ်ကို သရေကျခဲ့တဲ့ပွဲမှာ အခွင့်အရေးကောင်းလွဲချော်ခဲ့ကြောင်း အာနိုးလ် ပြောကြား

3:02 PM, 24 December

အာဆင်နယ်အသင်းနဲ့ပွဲမှာ အခွင့်အရေးကောင်းရခဲ့ပေမယ့် ကန်ချက်တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ရတယ်လို့ လီဗာပူးနောက်ခံလူ အာနိုးလ်က ပြောကြားလိုက်ပါတယ်။

ပွဲကစားချိန် ၇၂ မိနစ်မှာ အာနိုးလ်အပါအဝင် လီဗာပူးကစားသမား ၅ ဦးဟာ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရလာခဲ့ပြီး ဆာလက်ရဲ့ထိုးပေးမှုကို အာနိုးလ်က ပိတ်သွင်းခဲ့ပေမယ့် ကန်ချက်က တိုင်ထိထွက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါသွင်းဂိုးဟာ လီဗာပူးအသင်းရဲ့အနိုင်ဂိုးဖြစ်လာနိုင်ခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။

အဲ့နောက် ၂ သင်းစလုံးရဲ့ခံစစ်တွေက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၁-၁ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲအပြီး အင်တာဗျူးမှာ အာနိုးလ်က အခုလိုပြောကြားခဲ့ပါတယ်။ “မှန်ပါတယ်။ ကျွန်တော်ဂိုးဝင်ခဲ့ပြီလို့ ထင်ခဲ့တာပါ။ အဲ့တာက ကျွန်တော်ဂိုးသွင်းဖို့ လိုအပ်တဲ့ ဂိုးတွေထဲကတစ်ဂိုးပါ။

ဂိုးဝင်ဖို့ နီးစပ်ခဲ့သလို ကျွန်တော်တို့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် သေချာလေးအသုံးမချနိုင်ခဲ့ပါဘူး”လို့ အာနိုးလ်က ပြောကြားခဲ့ပါတယ်။


အဆိုပါလွဲချော်မှုဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါနိုင်တာဖြစ်ပြီး တကယ်လို့ လီဗာပူးအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားမှာ အာဆင်နယ်ကို ၂ မှတ်ဖြတ်ဦးဆောင်နိုင်မှာဖြစ်ပါတယ်။


အခုချိန်မှာတော့ အာဆင်နယ်ရဲ့နောက် ၁ မှတ်အကွာအဆင့် ၂  နေရာမှာပဲ ရပ်တည်နေပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ဘောက်ဆင်ဒေးပွဲစဉ်မှာ ဘန်လေကိုအနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်ရောက်နိုင်မှာဖြစ်ပြီး အာဆင်နယ်က ၂ ရက်အကြာမှာ ဝက်စ်ဟမ်းနဲ့ကန်ရမှာဖြစ်ပါတယ်။

#လီဗာပူး #အာနိုးလ် #ပရီးမီးယားလိဂ်