ရှေ့သို့
Image

ဒီညပွဲစဉ်မတိုင်ခင် အာဆင်နယ်အသင်းကို ချီးကျူးစကားဆိုလိုက်တဲ့ လီဗာပူးကပ္ပတိန်ဗန်ဒိုက်

12:36 PM, 23 December

အခုသီတင်းပတ်ကုန်ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို အနိုင်ယူနိုင်ဖို့ဆိုရင် အကောင်းတကာ့အကောင်းဆုံးကြိုးစား အားထုတ်သွားရမယ်လို့ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။

ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဆိုတဲ့ စွမ်းဆောင်ရည်ပြသထားတဲ့ ဂန်းနားတွေက ဒီနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ ကြိုးကြာနီတွေနဲ့ ရင်ဆိုင်ကစားသွားရပါမယ်။ အာတီတာရဲ့အသင်းက အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ သရေကစားခဲ့ကာ ဘရိုက်တန်ကို နှစ်ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

တစ်ဖက်မှာလည်း လီဗာပူးက ခါးသီးပြိုင်ဘက်မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အခုသီတင်းပတ်အတွင်း ဝက်စ်ဟမ်းကို ၅-၁ ဂိုးဖြင့် အနိုင်ကစားကာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ဆီ တက်လှမ်းထားပါတယ်။ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ယာဂန်ကလော့ပ်က ပွဲထွက်လူစာရင်းပိုင်း အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး အခုညပိုင်းပွဲစဉ်အတွက် အင်ပြည့်အားပြည့်အသင့်ဖြစ်နေအောင် စီမံနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးကို ကွင်းတွင်းဦးဆောင်မှုပေးမယ့် ဗန်ဒိုက်က ဒီညမှာ စောင့်ကြိုနေတဲ့ အဓိကစိန်ခေါ်မှုနဲ့ပတ်သက်လို့ သူ့ရဲ့အတွေးအမြင်ကို ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “အရမ်းခက်ခဲမယ့် ပွဲစဉ်တစ်ခု ကျွန်တော်တို့ကို စောင့်ဆိုင်းနေပါတယ်။ အာဆင်နယ်ကလည်း အရမ်းကောင်းတဲ့ပုံစံမျိုးနဲ့ ကစားနေပါတယ်။ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ အာဆင်နယ်က နေရာစုံမှာ အရမ်းကောင်းတဲ့အသင်းဖြစ်နေပါပြီ။ သူတို့အသင်းက အရမ်းကောင်းတယ်လို့ ကျွန်တော် ယူဆမိသလို ဒီပွဲစဉ်ကို အနိုင်ရဖို့ဆိုရင် ကျွန်တော်တို့လည်း အကောင်းတကာ့အကောင်းဆုံးဖြစ်နေအောင် ကြိုးစားသွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ့်အသင်းကို စောင့်ကြည့်ရတာ ကြိုက်သလို အမှတ်ပေးဇယားဆီ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာတွေကို စောင့်ကြည့်ရတာပဲ ကြိုက်ပါတယ်။ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိသလို သူတို့ကိုလည်း အခက်အခဲတွေ့အောင် လုပ်နိုင်စွမ်းရှိပါတယ်။ အာဆင်နယ်အသင်းကို အထင်ကြီးလေးစားပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစဉ်ကိုတော့ အနိုင်ကစားသွားချင်ပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ အစွမ်းအစတွေနဲ့ အရာရာတိုင်းကို လုပ်ဆောင်သွားရပါမယ်”လို့ ပြောပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ကလော့ပ် #ပရီးမီးယားလိဂ်