ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ မီတိုမာရဲ့ဒဏ်ရာပြဿနာနဲ့ ပတ်သက်ပြီး ပြောကြားလာတဲ့ ဒီဇာဘီ

11:10 AM, 22 December

ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘရိုက်တန် တောင်ပံကစားသမား ကာအိုယူမီတိုမာဟာ ဒဏ်ရာ ရရှိခဲ့ပြီး ပွဲအပြီးမှာတော့ အသင်းနည်းပြ ရော်ဘတ်တိုဒီဇာဘီက ကစားသမားရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ ပွဲကစားချိန် ၈၃ မိနစ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်ပွဲမှာတော့ ဒီဇာဘီက မီတိုမာရဲ့ ဒဏ်ရာအတိမ်အနက်ကို တိတိကျကျအတည်မပြုနိုင်သေးကြောင်းနဲ့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ သိရမယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီဇာဘီက “မီတိုမာအနေနဲ့ သူ့အတွက်ရော ကျွန်တော်တို့အတွက်ပါ ဒဏ်ရာကြီးကြီးမားမားမရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ဒဏ်ရာအခြေအနေကို ကျွန်တော်လည်း သေချာမသိသေးပါဘူး။ ရက်အနည်းငယ်အတွင်းမှာတော့ သိရမှာပါ” သို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီတလီသားက ဂျော်ဒန်အယူးသွင်းယူခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဦးဆောင်ဂိုးနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ၎င်းက “ကျွန်တော်တို့ ပထမပိုင်းမှာ ကစားပုံမကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားပုံပြောင်းလဲခဲ့တာကြောင့် ဖန်တီးမှုတွေနဲ့ အခွင့်အရေးတွေရရှိခဲ့ပါတယ်။ ဆိုးဝါးတဲ့ဂိုးတစ်ဂိုးကိုခွင့်ပြုခဲ့ရပြီး အဲဒီလိုဘောလုံးဆုံးရှုံးမှုမျိုးကမဖြစ်သင့်ပါဘူး။ ကလပ်ရဲ့ပေါ်လစီအရ ကျွန်တော်တို့ဟာ လူငယ်ကစားသမားတွေကို ထည့်သွင်းကစားပါတယ်။ ဒါကြောင့် လူငယ်တွေကို အမှားတွေလုပ်စေပြီး အချိန်ပေးရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကတော့ ယခုသရေပွဲကြောင့် အဆင့် ၁၅ နေရာအထိကျဆင်းသွားခဲ့ပြီး ပွဲအပြီးမှာတော့ အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်ကို ဖိအားတွေ ရှိနေသလားလို့ မေးမြန်းခဲ့ကြပါတယ်။

ဟော့ဒ်ဆန်က “ဒီမေးခွန်းကို နားမလည်ပါဘူး။ ဘယ်လိုလေးစားမှုမျိုးနဲ့ ဖိအားတွေအောက်ရောက်နေလားလို့ မေးတာလဲ။ ဒါကဘောလုံးပါ။ တကယ်လို့ အသင်းက အမှတ်ပေးဇယားရဲ့အောက်ခြေမှာရောက်နေရင် နည်းပြအနေနဲ့ ဖိအားတွေအောက် ရောက်နေရမှာလား။ ဒါဆိုရင်တော့ ကျွန်တော် ဖိအားတွေအောက် ရောက်နေလိုက်ပါ့မယ်။ ဒါပေမယ့် ကျွန်တော်တို့ကစားသမားတွေက သူတို့လုပ်နိုင်တာထက် ပိုမလုပ်ခဲ့ကြဘူးလို့ ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ဖိအားတွေ ရှိနေတယ်ဆိုရင်တောင် အဲဒီဖိအားတွေကို မခံစားရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ ဒီဇာဘီရဲ့ဘရိုက်တန် အသင်းဟာ အန်ဆူဖာတီ၊ ဂျူလီယို အန်စီဆို၊ ဂျိုးလ်ဗက်မန်း၊ ပါဗစ်အက်စ်တူပီနန်၊ အဒမ်ဝက်ဘ်စတား၊ လမ်တေးနဲ့ ဆိုလီမာ့ချ်တို့ မပါဝင်ဘဲ တော့တင်ဟမ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

#ဘရိုက်တန် #ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ် #ဒီဇာဘီ