ရှေ့သို့
Image

ကမ်းခြေက ဓာတ်ပုံတွေ ပို့လိုက်မယ်လို့ အင်္ဂလန်အသင်းဖော်တွေကို သတင်းစကားပေးပို့လိုက်တဲ့ ဟယ်ရီကိန်း

1:23 PM, 21 December

ယနေ့နံနက်အစောပိုင်းက ဝုဖ်ဘတ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဘွန်ဒက်စ်လီဂါရဲ့ ဆောင်းရာသီအားလပ်ရပ်နဲ့အတူ ၃ ပတ်ကျော်လောက် အနားရတော့မှာဖြစ်ပါတယ်။

တော့တင်ဟမ်မှာရှိစဉ်က ကိန်းဟာ ပရီးမီးယားလိဂ်ဘောက်ဆင်ဒေးတွေမှာ ၇ ပွဲအတွင်း ၁၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ သို့သော် ဒီနှစ်မှာတော့ ကိန်းဟာ ဘွန်ဒက်စ်လီဂါကို ရောက်ရှိနေတာကြောင့် စိတ်အေး လက်အေးဖြစ်နေပြီး ပွဲစဉ်တွေ ဆက်တိုက်ကစားဖို့မလိုအပ်တော့ပါဘူး။

ကိန်းက “ကျွန်တော်မစောင့်နိုင်တော့ပါဘူး။ မိသားစုနဲ့ ၄ လလောက်ခွဲပြီး ဒီမှာနေရတာ အရမ်းခက်ခဲပါတယ်။ မိန်းမနဲ့ ကလေးတွေကိုလည်း တွေ့ချင်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာကိန်းဟာ တော့တင်ဟမ်မှ ဘိုင်ယန်မြူးနစ်သို့ ပေါင် ၈၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့သော်လည်း ကိန်းရဲ့မိသားစုကတော့ လန်ဒန်မှာပဲ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကိန်းဟာ ဂျာမနီမှာ အိမ်မဝယ်ခင်က ဟိုတယ်တစ်ခုမှ ခေတ္တနေထိုင်ခဲ့ရပါတယ်။

အသက်-၃၀ နှစ်အရွယ် တိုက်စစ်မှူးဟာ တော့တင်ဟမ်ရဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ရပ်တည်နေပြီး ၄၃၅ ပွဲမှာ ၂၈၀ ဂိုးအထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ ကိန်းဟာ ဘိုင်ယန်မြူးနစ်ကိုမရောက်ခင်က ပရော်ဖက်ရှင်ကစားသမားဘဝကို တော့တင်ဟမ်မှာပဲ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

မိသားစုနဲ့ ပတ်သက်ပြီး ကိန်းက “သူတို့နဲ့အတူ ကောင်းမွန်တဲ့ အချိန်တွေဖြတ်သန်းသွားမှာပါ။ ပြန်ရောက်တဲ့အချိန်မှာတော့ အားလုံးဂျာမနီကို ပြောင်းရွှေ့ဖို့ပြင်ဆင်ရမှာပါ။ ဒါလည်း ပျော်ဖို့ကောင်းမယ်ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိရာသီ ဘိုင်ယန်မြူးနစ်အတွက် ကစားထားတဲ့ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ကိန်းဟာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဘွန်ဒက်စ်လီဂါ ၁၅ ပွဲမှာ ၂၁ ဂိုး သွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဆောင်းရာသီအားလပ်ရပ်တွေမှာ ဥရောပလိဂ်တွေ အားလုံးလိုလို ပွဲစဉ်တွေကို ရပ်နားထားသော်လည်း အင်္ဂလန်ပရီးမီးယားလိဂ်ကတော့ ရပ်နားခြင်းမရှိဘဲ အလုပ်အများဆုံးကာလကို ပုံဖော်ထားတာဖြစ်ပါတယ်။

ကိန်းဟာ တော့တင်ဟမ်မှာရှိစဉ်က ဒီဇင်ဘာ ၂၆ မှ ဇန်နဝါရီ ၄ ရက်နေ့အတွင်း ပွဲစဉ်တွေမှာ သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူပေးခဲ့ဖူးပြီး ဒီနှစ် အဲဒီလိုအချိန်တွေမှာတော့ စိတ်အေးနားအေးနဲ့ နေပူဆာလှုံနေတော့မှာဖြစ်ပါတယ်။

ကိန်းက “ကျွန်တော်တို့ ပူနွေးတဲ့နေရာတစ်နေရာကိုသွားပြီး ၁၀ ရက်လောက် အချိန်ဖြုန်းခဲ့မှာပါ။ အင်္ဂလန်မှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက်တော့ ကမ်းခြေတစ်နေရာကနေ ဓာတ်ပုံတွေပို့ပေးလိုက်ပါ့မယ်” လို့ပြောကြားခဲ့ပါတယ်။

#အင်္ဂလန် #ဝုဖ်ဘတ် #ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ