ရှေ့သို့
Image

ဝက်စ်ဟမ်းနဲ့ ပွဲစဉ်အပြီး ယာဂန်ကလော့ပ်နဲ့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြန်ပြောပြလာတဲ့ ကာတစ်ဂျုံးစ်

1:10 PM, 21 December

ဒီနေ့မနက်ပိုင်း၊ ဝက်စ်ဟမ်းကို ၅-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီး ကွင်းတွင်းမှာ သူနဲ့ ယာဂန်ကလော့ပ်တို့အကြား ရယ်ရွှင်ဖွယ်အပြုအမူတွေဖြင့် အပြန်အလှန်ပြောဆိုနေမှုနဲ့ ပတ်သက်လို့ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ်က ဖွင့်ချလိုက်ပါတယ်။

အနီရောင်တပ်သားတွေက အခုပွဲစဉ်မှာ ပြိုင်ဘက်ကို အကောင်းဆုံးလွှမ်းမိုးကစားခဲ့ပြီး ကာရာဘောင်ဖလား နောက်ဆုံး လေးသင်းအဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပေမယ့် ကလော့ပ်ကတော့ အရာရာတိုင်းပြီးပြည့်စုံတယ်လို့ မရှုမြင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ပွဲစဉ်ပြီးဆုံးချိန်မှာ ကာတစ်ဂျုံးစ်နဲ့ ဆွေးနွေးနေတဲ့ လီဗာပူးနည်းပြရဲ့ပုံတွေ ထွက်ပေါ်လာခဲ့ပြီး သူတို့နှစ်ဦးအကြား ဘာတွေပြောဖြစ်ခဲ့သလဲဆိုတာကို ကွင်းလယ်လူက ရှင်းရှင်းလင်းလင်း ဖောက်သည်ချလာပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ကာတစ်ဂျုံးစ်က “ပထမပိုင်း အပြီးမှာ ပြောခဲ့တဲ့အကြောင်းအရာကိုပဲ သူ ပြောခဲ့တာပါ။ ဒါဝင်နူနက်ဇ်က ဘောလုံးရသွားချိန် ကျွန်တော် ပြေးတက်သွားသင့်ပေမယ့် ဒီအတိုင်း မလုပ်ခဲ့လို့ လက်ပစ်ဘောဖြစ်သွားတဲ့ အခိုက်အတန့်တစ်ခု ရှိပါတယ်။ ဒါပေမယ့် ဒီအခိုက်အတန့်က ပွဲပြီးခါနီးဖြစ်နေလို့ ကျွန်တော်က ပွဲကို မြန်မြန်ပြတ်သွားအောင် လုပ်လိုက်တာလို့ ရှင်းပြခဲ့ပါတယ်။ ကျွန်တော်က ဒီဘောလုံးပေးပို့မှုကို လက်မခံချင်ခဲ့သလို လက်ခံလိုက်မယ်ဆိုရင်လည်း ဖျက်ထုတ်ခံရပြီး ပြိုင်ဘက်က ပထမပိုင်းမပြီးခင်မှာပဲ ချေပဂိုးပြန်သွင်းသွားပါလိမ့်မယ်။ ဖြစ်ခဲ့တာကတော့ ဒါပါပဲ။ ဘာပြဿနာမှမရှိပါဘူး”လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ ကာတစ်ဂျုံးစ်က သွင်းဂိုး နှစ်ဂိုး ရယူရင်း လီဗာပူး ကစားသမားဘဝအပြောင်မြောက်ဆုံး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တဲ့ ပွဲစဉ်တွေအနက် တစ်ခုဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကလော့ပ်က ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကာတစ်ဂျုံးစ်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။

ဂျာမန်သားနည်းပြက “ကာတစ်ဂျုံးစ်အတွက် ကျွန်တော် တကယ့်ကို ပျော်ရွှင်ကျေနပ်မိပါတယ်။ သူ့မှာ အခုလို အမြန်နှုန်းနဲ့ ကစားအားရှိပြီး ဒါကို မကြာခဏဆိုသလို အသုံးချလေ့မရှိဘူး။ ဒီညပွဲစဉ်ကတော့ သူ့အတွက် အသိတရားပြန်ဖွင့်ပေးလိုက်တဲ့ ပွဲစဉ်မျိုးဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ ထိပ်တန်းပွဲစဉ်တစ်ခုဖြစ်ပြီး ပွဲချိန်တလျှောက်လုံးလည်း ကောင်းမွန်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းရဲ့ အသင်းလိုက်စွမ်းဆောင်ရည်ကောင်းနဲ့ပတ်သက်လို့ ကလော့ပ်က “တကယ့်ကို ကောင်းလွန်းတဲ့ပွဲစဉ်ပါ။ ထိပ်တန်းစွမ်းဆောင်ရည်ပိုင်း အများကြီးနဲ့အတူ ကျေနပ်စရာပွဲစဉ်တစ်ခုဖြစ်ပါတယ်။ အခုပွဲစဉ်က ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတာပါ။ ဒါကြောင့် ကျွန်တော်တို့က ပွဲစတင်ချိန်ကတည်းက ထက်ထက်မြက်မြက်၊ ပုံစံတကျနဲ့ အရမ်းကောင်းမွန်တဲ့ ဘောလုံးကစားဟန်ကို ကစားခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အပြီးအထိ ပြိုင်ဘက်က အလွတ်တည်ကန်ဘော(သို့မဟုတ်) ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင် မရရှိခဲ့ပါဘူး။ ဒါက အရမ်းအရေးကြီးပါတယ်။ ကောင်လေးတွေအတွက် တကယ့်ကို ပျော်ရွှင်မိပါတယ်။ ဒီလူစာရင်းပိုင်းကို အသုံးပြုဖို့ အရေးကြီးပါတယ်။ ဒါကပဲ ကျွန်တော်တို့ လုပ်ချင်ခဲ့တဲ့ အရာပါ။ ကွင်းတွင်းမှာ ရှိနေတဲ့ ကောင်လေးတွေကလည်း ပွဲကစားချင်စိတ်အပြည့်နဲ့ ပြိုင်ဘက်ကို အနိုင်ယူလိုတာ၊ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းချင်တာတွေကို ပြသခဲ့ပါတယ်။ ပွဲအစမှအဆုံး ထိပ်တန်းစွမ်းဆောင်ရည် တစ်ခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လီဗာပူးက ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပြီး အခြားတဖက်မှာတော့ ချဲလ်ဆီးက မစ်ဒယ်ဘရော့နဲ့ ရင်ဆိုင်ကစားရပါမယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ကာတစ်ဂျုံးစ် #ကလော့ပ် #ကာရာဘောင်ဖလား