ရှေ့သို့
Image

ဆုဖလားလမ်းကြောင်းပေါ် မန်စီးတီးကို စိန်ခေါ်နိုင်တဲ့ အသင်းကြီးတွေထဲမှာ ယူနိုက်တက်ပါဝင်နေကြောင်း အဂူရို အခိုင်အမာဆို

1:59 PM, 20 December

မန်ချက်စတာစီးတီးရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဆာဂျီရိုအဂူရိုက ယူနိုက်တက်ဟာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ယခုနှစ်ပရီးမီးယားလိဂ်ဖလားအတွက်ပြိုင်ဆိုင်မှုဟာ အရင်နှစ်တွေကထက် ပိုမိုပြင်းထန်လာပြီး လက်ရှိ ၁၇ ပွဲ ကစားပြီးချိန်မှာ အာဆင်နယ်၊ လီဗာပူး၊ အက်စတွန်ဗီလာ၊ မန်စီးတီးနဲ့ တော့တင်ဟမ်တို့အပြိုင်ဖြစ်နေပြီး အဆိုပါထိပ်ဆုံး ၅ သင်းအကြား ရမှတ်ကွာဟမှုဟာ ၆ မှတ်သာရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးတို့က လက်ရှိချန်ပီယံ မန်စီးတီးကိုစိန်ခေါ်နိုင်တဲ့ အသင်းတွေဖြစ်တယ်လို့ ကနဦးက ယူဆထားခဲ့ကြသော်လည်း တော့တင်ဟမ်နဲ့ အက်စတွန်ဗီလာတို့ကလည်း ပုံစံကောင်းတောက်လျှောက်ရနေတာကြောင့် မှန်းဆရခက်လာခဲ့တာဖြစ်ပါတယ်။ သို့သော် ယူနိုက်တက်ကတော့ ရုန်းကန်နေရတဲ့ပုံစံနဲ့ ဆိုးရွားတဲ့ရလဒ်တွေကြောင့် ချန်ပီယံပြေးလမ်းထဲမှာ ပါဝင်တယ်လို့ ယူဆထားသူက အနည်းသာရှိပါတယ်။

ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရတဲ့ တန်ဟက်ရဲ့ အသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ရဂိုးကလည်း ၁၈ ဂိုးသာ ရှိနေပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကလည်း ၁၁ မှတ်အထိရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း အဂူရိုကတော့ ယူနိုက်တက်ကို သတိထားဖို့လိုအပ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အာဂျင်တီးနားသားက “ယူနိုက်တက်နဲ့ ပတ်သက်ပြီး အေးဆေးလုပ်နေလို့မရပါဘူး။ သူတို့က မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပြေးလမ်းပေါ်မှာ ရင်ဆိုင်ရမယ့် အသင်းကြီးတွေထဲက တစ်သင်းပါ။ ပိုစတီကိုဂလူလက်ထက်မှာ အများကြီး တိုးတက်လာတဲ့ တော့တင်ဟမ်ကလည်း ချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေပါတယ်။ နယူးကာဆယ်က အတက်အကျတွေရှိနေပေမယ့် အမြဲတမ်း တိုက်ပွဲဝင်နေတာကြောင့် သူတို့မှာလည်း အခွင့်အရေးရှိနေဆဲပါ” လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ထက် ရမှတ် ၁ မှတ်အသာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေသော်လည်း နယူးကာဆယ်ဟာ ဒဏ်ရာရ ကစားသမားအများအပြား ရှိနေတာကြောင့် ချန်ပီယံလမ်းကြောင်းပေါ်မှာ ရေရှည်ရပ်တည်ဖို့ ခက်ခဲနိုင်ပါတယ်။ ယူနိုက်တက်ဟာ ပုံစံကောင်းမရသော်လည်း အံ့ဩစရာကောင်းတဲ့အခိုက်အတန့်တွေ ရှိခဲ့ပြီး အဲဗာတန်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အလီဂျန်ဒရိုဂါနာချိုရဲ့ ဘိုင်စကယ်ကန်ချက်ဟာ မန်စီးတီးကိုသွင်းယူခဲ့တဲ့ ဝန်းရွန်းနီနဲ့ ဂန္တဝင်သွင်းဂိုးနဲ့ နှိုင်းယှဉ်မှုတွေပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။  

ဂါနာချိုရဲ့သွင်းဂိုးနဲ့ ပတ်သက်ပြီး အဂူရိုက “ဝှူးးး အရမ်းမိုက်တဲ့ဂိုးပါ၊ ဒီဂိုးက ၂၀၂၃ ခုနှစ်ရဲ့ အကောင်းဆုံးဂိုးဖြစ်လိမ့်မယ်။ ဒီဂိုးကိုမြင်တော့ ကျွန်တော် အရမ်းအံ့ဩသွားပါတယ်။ ဒီလိုဂိုးမျိုးသွင်းနိုင်ဖို့မလွယ်ပါဘူး။ ဂါနာချိုရဲ့ဂိုးနဲ့ မန်စီးတီးကို ရွန်းနီသွင်းယူခဲ့တဲ့ဂိုးတွေက အရမ်းမိုက်တဲ့ဂိုးတွေပါ။ ဒီဂိုးတွေရဲ့နောက်ကွယ်မှာ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ချက်တွေနဲ့ အလှတရားတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဂါနာချိုရဲ့ဂိုးကို ပိုကောင်းတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရွန်းနီသွင်းခဲ့တဲ့ဂိုးက မန်စီးတီးကိုဖြစ်နေလို့ပါ” လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #အဂူရို #ပရီးမီးယားလိဂ်