ရှေ့သို့
Image

ဖရန့်ဖတ်နှင့် ဆေးစစ်မှုခံယူဖို့ ယူနိုက်တက်နေ ထွက်ခွာတော့မှာဖြစ်တဲ့ ဗန်ဒီဘိခ်

10:56 AM, 20 December

လွန်ခဲ့တဲ့ ၃နှစ်က အေဂျက်စ်ကနေ ရောက်လာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် နယ်သာလန် ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်အတွက် ၆၂ ပွဲ ကစားကာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ လက်ရှိရာသီ နည်းပြ တန်ဟက်အတွက် ၂၁ မိနစ်သာ ကစားခဲ့ရပြီး တစ်ပွဲမှ ပွဲထွက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ယခုအခါ ဖရန့်ဖတ်က သူ့ကို ခေါ်ယူဖို့ သေချာသွားပြီဖြစ်တာကြောင့် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်တော့မှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ရိုမန်နိုရဲ့ ပြောကြားချက်အရ ဗန်ဒီဘိခ်ဟာ အငှားမပြောင်းမီ ဆေးစစ်မှုကိုအပြီးသတ်ခံယူဖို့အတွက် ဂျာမနီတွင် ရှိနေတာဖြစ်ပါတယ်။ စာချုပ်ပါ သဘောတူညီချက်များအရ အငှားပြောင်းရွှေ့မှု သက်သက်သာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့် မပါရှိနေတာဖြစ်ပါတယ်။

အကယ်၍ ဖရန့်ဖတ်ဟာ ယခုအပြောင်းအရွှေ့ကို အပြီးသတ်ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး ပေါင် ၉.၅ သန်း နှင့်အတူ အပိုထပ်ဆောင်းအဖြစ် ပေါင် ၃.၅ သန်း ပေးရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နယ်သာလန်လက်ရွေးစင် အတွက် ၂၀၂၀ ခုနှစ်တွင် အေဂျက်စ်ကို ပေါင် ၃၄ သန်း ပေးချေခဲ့ရတာဖြစ်ပါတယ်။

သူဟာ ကလပ်အတွက် ၆၂ ပွဲသာ ကစားခဲ့ပြီး ဆိုးလ်ရှား၊ ရန်းနစ်ခ်နှင့် တန်ဟက်တို့ရဲ့ လက်အောက်တွင် ပထမပွဲထွက်ခွင့်ရရှိတဲ့ ကစားသမား မဖြစ်ခဲ့ပါဘူး။ သုံးနှစ်အတွင်းမှာ ပရီးမီးယားလိဂ်တွင် ၆ ပွဲသာ ပွဲထွက်နိုင်ခဲ့ပါတယ်။

ဗန်ဒီဘီခ်ဟာ ၂၀၂၂ ခုနှစ်တွင် အဲဗာတန်သို့ အငှားသွားရောက် ကစားခဲ့တဲ့သော်လည်း ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရပြီး ၇ ပွဲကစားကာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းကလည်း လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ သူ့ကို ဖယ်ထုတ်ခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့လတုန်းက ယူနိုက်တက်အသင်းမှ ထွက်ခွာရန် အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

"ပွဲတွေကို ပြန်ကစားဖို့အတွက် ကျွန်တော် ရင်ခုန်နေပါတယ်" "လက်ရှိအချိန်မှာ နည်းပြက အမျိုးမျိုးသော ရွေးချယ်မှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့မှာ ကြီးမားတဲ့ လူစာရင်းရှိပြီး ကျွန်တော် တစ်ဦးတည်း တံခါးလာခေါက်တာ မဟုတ်ပါဘူး။ ဇန်နဝါရီမှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ" "ယူနိုက်တက်မှာမဟုတ်ရင် တခြားကလပ်မှာ ကစားရမှာဆိုတော့ ရည်မှန်းချက် ကြီးကြီးထားရမယ်ထင်ပါတယ်" "ကျွန်တော်က အမြဲတမ်း ပွဲတွေကို နှစ်သက်သူပါ။ ကျွန်တော် ဘောလုံးကို လုံးဝ ရူးသွပ်ပါတယ်" "ကျွန်တော် ယူနိုက်တက်မှာ ကောင်းကောင်း နေထိုင်နေရပေမယ့် ပိုက်ဆံက ကျွန်တော့်ရဲ့ တွန်းအားမဟုတ်ပါဘူး။ နေ့တိုင်းမှာ ကျွန်တော့်အလုပ်အတွက် ပျော်ချင်ပါတယ်"လို့ ဗန်ဒီဘိခ်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖရန့်ဖတ် #အပြောင်းအရွှေ့ #ဗန်ဒီဘိခ်