ရှေ့သို့
Image

ချဲလ်ဆီး၊ မစ်ဒယ်ဘရော့၊ ဖူလ်ဟမ်တို့ ဆီမီးဖိုင်နယ်တက်ရောက်လာတဲ့ ကာရာဘောင်ဖလား ပွဲစဉ်များ

9:59 AM, 20 December

ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ချဲလ်ဆီး၊ မစ်ဒယ်ဘရော့၊ ဖူလ်ဟမ်တို့က ပြိုင်ဘက်အသီးသီးကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

စတမ်းဖို့ဘရစ်ချ်ကွင်းမှာကစားတဲ့ပွဲစဉ်မှာတော့ ချဲလ်ဆီးက နယူးကာဆယ်ကို နောက်မှလိုက်ကစားကာ ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ အစောပိုင်းမိနစ်တွေမှာပဲ ဂေါ်ဒွန်အပေါ် ကစားပုံကြမ်းတမ်းခဲ့မှုကြောင့် ချဲလ်ဆီးကွင်းလယ်လူ ကိုင်စီဒို အဝါကတ်နဲ့ မိတ်ဆက်လိုက်ရပါတယ်။

ဒါ့အပြင် ပွဲချိန် ၁၅ မိနစ်ဝန်းကျင်မှာ နယူးကာဆယ်တိုက်စစ်မှူးဝီလ်ဆင်က အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပြီး အိမ်ရှင်ပရိသတ်တွေကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းမှာ ချဲလ်ဆီးက ဂိုးဖန်တီးမှုတွေ အများအပြားပြုလုပ်ခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ ဖြုန်းတီးနိုင်စွမ်းကြောင့် ချေပဂိုးမရှာဖွေနိုင်ခဲ့ဘူး။

ပွဲပန်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့ နယူးကာဆယ်ကြောင့် ချဲလ်ဆီးဟာ ပြိုင်ဘက်အပေါ် တိုက်စစ်မြှင့်တင်ကစားခဲ့ပြီး ဧည့်သည်အသင်းဂိုးသမား ဒူဗရာကာကလည်း လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယပိုင်း နာကျင်အချိန်ပိုမိနစ်တွေ အရောက် မူဒရစ်ခ်က လျော့ရဲနေတဲ့ နယူးကာဆယ်ခံစစ်ကြောင်းကို ကျော်ဖြတ်ကာ ချဲလ်ဆီးအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးပြီး အသင်းကို ပြိုင်ပွဲလမ်းကြောင်းမှာ ဆက်ရှိနေစေခဲ့ပါတယ်။
ပယ်နယ်တီ အဆုံးအဖြတ်ကန်သွင်းမှုမှာတော့ ထရစ်ပီယာ၊ ရစ်ချီတို့ရဲ့ လွဲချော်တွေမှုက နယူးကာဆယ်ကို ပြိုင်ပွဲမှ ထွက်ခွာရစေပြီး ချဲလ်ဆီးအတွက် ကာရာဘောင်ဖလား ၁၆ ကြိမ်မြောက်ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်မှုကို ဖြစ်တည်စေခဲ့ပါတယ်။

နောက်ထပ်ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ကလည်း ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြန်ပါတယ်။ ဂူဒီဆင်ပတ်ခ်မှာ ကစားတဲ့ပွဲစဉ်မှာ အိမ်ရှင်အဲဗာတန်တို့ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဖူလ်ဟမ်ရဲ့ အခွင့်အရေးကောင်းလွဲချော်မှုတွေကြောင့်သာ ဦးဆောင်ဂိုး ခွင့်မပြုပေးခဲ့ရတာပါ။

ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာတော့ လန်ဒန်အခြေစိုက်ကလပ်က အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းရဲ့ O.G ဖြင့် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်တွေမှာ အဲဗာတန်က ချေပဂိုးရရှိဖို့ အရှိန်မြှင့်ကြိုးပမ်းခဲ့ပေမယ့် တိုက်စစ်ပိုင်းရဲ့လွဲချော်မှုတွေကြောင့် ချေပဂိုးတော့ မရှာဖွေနိုင်ခဲ့ပါဘူး။

ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားဘီတိုက အဲဗာတန်အတွက် အဖိုးတန်ချေပဂိုး သွင်းယူပေးကာ အသင်းကို ပြိုင်ပွဲလမ်းကြောင်းပေါ် ဆက်ရှိနေစေခဲ့ပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်မှာ ဂူယီရဲ့လွဲချော်မှုတစ်ခုနဲ့အတူ အဒါရာဘီအိုယိုက အနိုင်ဂိုးသွင်းယူကာ အဲဗာတန်ပရိသတ်တွေကို အသည်းခွဲပြီးနောက် ဖူလ်ဟမ်ကို နောက်တစ်ဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

အဝေးကွင်းမှာ သွားရောက်ကစားရတဲ့ မစ်ဒယ်ဘရော့ကတော့ လိဂ်ဝမ်းကလပ်ပို့ဗေးလ်ကို သုံးဂိုးပြတ်အနိုင်ယူကာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာပါတယ်။ မစ်ဒယ်ဘရော့အတွက်ဂိုးတွေကို ပထမပိုင်း ပွဲချိန်အတွင်း ဟောင်ဆင်နဲ့ ရိုဂျာစ်၊ ဒုတိယပိုင်း ပွဲချိန်အတွင်း ခရုစ်တို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးရလဒ်များ
------------
အဲဗာတန် ၁-၁ ဖူလ်ဟမ် (ပင်နယ်တီ ၆-၇ ဖြင့် ဖူလ်ဟမ်အနိုင်ရ)
ပို့ဗေးလ် ဝ-၃ မစ်ဒယ်ဘရော့
ချဲလ်ဆီး ၁-၁ နယူးကာဆယ် (ပင်နယ်တီ ၄-၂ ဖြင့် ချဲလ်ဆီးအနိုင်ရ)

#ချဲလ်ဆီး #ကာရာဘောင်ဖလား #မစ်ဒယ်ဘရော့စ် #ဖူလ်ဟမ်