ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ် အသင်းသမိုင်းတစ်လျှောက် လစာအများဆုံး နည်းပြဖြစ်လာတော့မယ့် နူနိုဆန်းတို့စ်

9:39 AM, 20 December

နော်တင်ဟမ်ဖောရက်စ်ဟာ ယမန်နေ့က လက်ရှိအသင်းနည်းပြ စတိဗ်ကူးပါးကို ထုတ်ပယ်ပြီးနောက် နူနိုအက်စပီရီတို ဆန်းတို့စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီး အသင်းသမိုင်းတစ်လျှောက် လစာအများဆုံး နည်းပြအဖြစ် လစာငွေပေးချေသွားဖို့စီစဉ်နေပါတယ်။

ဝုဗ်နဲ့ တော့တင်ဟမ်နည်းပြဟောင်း နူနိုဟာ ယနေ့မှာပဲ နော်တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရင်နာကစ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် တာဝန်ယူတော့မှာဖြစ်ပါတယ်။ စတိဗ်ကူးပါးရဲ့လက်ထက် ၂ နှစ်တာကာလအတွင်းမှာ နော်တင်ဟမ်ဖောရက်စ်ဟာ ဒီရာစုနှစ်အတွင်း အအောင်မြင်ဆုံးကာလတွေ ရှိခဲ့သော်လည်း မကြာသေးမီက အသင်းပိုင်ရှင် မာရင်နာကစ်နဲ့ တင်းမာမှုတွေ အနည်းငယ်ရှိခဲ့ပြီးနောက် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ဟာ အသက်-၄၄ နှစ်အရွယ် စတိဗ်ကူးပါးကို တစ်နှစ်လုပ်ခ ပေါင် ၂ သန်းအထိ ပေးချေနေရတာဖြစ်ပြီး စာချုပ်သက်တမ်းကတော့ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်လျော်ကြေးကလည်း လုပ်ခလစာနဲ့ တန်းတူရှိနေတယ်လို့သိရပါတယ်။

အသင်းပိုင်ရှင်က “ကျွန်တော်တို့နဲ့ အတူရှိစဉ်မှာ သူ့ရဲ့တာဝန်ကျေမှုနဲ့ အလုပ်အပေါ်တန်ဖိုးထားတတ်မှုတွေကြောင့် စတိဗ်ကိုကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို ပရိသတ်တွေနဲ့ မယုံနိုင်လောက်စရာ ချိတ်ဆက်မှုမျိုး လုပ်ဆောင်ပေးနိုင်ခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။ စတိဗ်ဟာ ကလပ်ရဲ့မိတ်ဆွေကောင်းတစ်ဦးအဖြစ် အမြဲတမ်းရှိနေမှာဖြစ်ပြီး သူ့ကို ကျွန်တော်တို့ကွင်းကနေ ထာဝရကြိုဆိုနေမှာပါ” လို့ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ကို နည်းပြအဖြစ် ၄ လကြာတာဝန်ယူကာ ကျရှုံးပြီးနောက် ၂ နှစ် အကြာမှာတော့ အသက်-၄၉ နှစ်အရွယ် နူနိုဟာ အင်္ဂလိပ်ဘောလုံးလောကကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နူနိုဟာ ၂၀၁၇-၂၁ အတွင်း ဝုဗ်ကို ၄ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံး နည်းပြအဖြစ် ရပ်တည်ခဲ့ကာ  ဝုဗ်ကို ချန်ပီယံရှစ်ကနေ ယူရိုပါလိဂ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

သတင်းတွေအရ နော်တင်ဟမ်ဖောရက်စ်ရဲ့ ရလဒ်တွေ ဆိုးဝါးလာတာနဲ့အမျှ ကူးပါးနဲ့ အသင်းပိုင်ရှင်တို့အကြား ဆက်ဆံရေးကလည်း တဖြည်းဖြည်းတင်းမာလာခဲ့တယ်လို့ သိရပါတယ်။ အသင်းနဲ့နီးစပ်တဲ့သတင်းတွေအရ နော်တင်ဟမ်ဖောရက်စ်ရဲ့ ထိပ်ပိုင်းအရာရှိတွေက ကူးပါးဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ခံစားခဲ့ရကြောင်းဖွင့်ဟခဲ့ကြတယ်လို့သိရပါတယ်။

နော်တင်ဟမ်ဖောရက်စ်ဟာ ကစားသမားကောင်းတွေ အများအပြားပိုင်ဆိုင်ထားသော်လည်း ရလဒ်ကောင်းတွေနဲ့တော့ တဖြည်းဖြည်းဝေးကွာလာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကူးပါးဟာ အသင်းရဲ့အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ လုပ်ပိုင်ခွင့်ကြီးကြီးမားမားမရှိခဲ့ဘဲ အသင်းရဲ့စီမံချက်အတိုင်း ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ပရိသတ်တွေက ကူးပါးကိုနည်းပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ လိုလားနေကြတယ်လို့သိရပါတယ်။ ကူးပါးဟာ နော်တင်ဟမ်ဖောရက်စ် ပရိသတ်တွေရဲ့အချစ်တော်နည်းပြတစ်ဦးဖြစ်ပြီး အသင်းကိုအားပေးနေတဲ့ အင်္ဂလန်ခရစ်ကတ်ကစားသမားဟောင်း ဘရုဒ်က ကူးပါးက ကလပ်ထံကိုပျော်ရွှင်စရာတွေယူဆောင်လာပေးတယ်လို့ ပြောကြားခဲ့ပါတယ်။

၎င်းက “ကျွန်တော် တော်တော်ပဲစိတ်တိုပါတယ်။ ကူးပါးဟာ ကျွန်တော်တို့ကို ၂၃ နှစ်အတွင်း ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့တာပါ။ သူက ကျွန်တော့်ပရိသတ်တွေအတွက် အိပ်မက်တွေကိုယူဆောင်ပေးခဲ့ပြီး ထူးခြားတဲ့ နည်းပြတစ်ဦးပါ။ အခုချိန်မှာတော့ သူမရှိတော့လို့ဝမ်းနည်းနေမယ့်အစား သူလုပ်ခဲ့တဲ့အကောင်းဆုံး အချိန်တွေကို ပြန်ကြည့်နေဖို့လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#ကူးပါး #နူနိုဆန်းတို့ #နောတင်ဟမ်ဖောရက်စ် #ပရီးမီးယားလိဂ်