ရှေ့သို့
Image

အူရာဝါရက်ဒိုင်းမွန်းကို ဂိုးပြတ်အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ မန်စီးတီး

9:10 AM, 20 December

မန်စီးတီးအသင်းဟာ ယနေ့ညက ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျပန်ကလပ် အူရာဝါရက်ဒိုင်းမွန်းကို အနိုင်ယူပြီး ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဟာလန်းမပါတဲ့ မန်စီးတီးတိုက်စစ်ဟာ ဦးဆောင်ဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရပြီး လိုအပ်နေတဲ့ သွင်းဂိုးကိုလည်း ဂျပန်ကလပ်ရဲ့ OGသွင်းဂိုးကြောင့်သာ ရရှိခဲ့တာပါ။ အူရာဝါရက်ဒိုင်းမွန်း အသင်းဟာ လူအင်အားတောင့်တင်းတဲ့ မန်စီးတီးကို ယှဉ်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ပထမပိုင်း ပြီးခါနီးအချိန်ထိ ချန်ပီယံလိဂ်ချန်ပီယံကို တောင့်ခံနိုင်ခဲ့ပါတယ်။

ပွဲချိန်၄၅မိနစ်ကျော်မှာ မန်စီးတီးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး မာသီးယက်စ်နူနက်စ်ရဲ့ ဖြတ်တင်ဘောကို အူရာဝါနောက်ခံလူ ဟွိုင်ဘာတန် ဖျက်ထုတ်ရာမှာ ဂိုးထဲဝင်သွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် ဒုတိယဂိုးကိုတော့ ၅၂မိနစ်မှာ ဝေါ်လ်ကာရဲ့ပေးပို့မှုကနေ ကိုဗာဆစ်က လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်ပြီး ကန်သွင်းသွားခဲ့ပါတယ်။

၇မိနစ်အကြာမှာပဲ စီးတီးအတွက် ပွဲသိမ်းဂိုးကို နူနက်စ်ရဲ့ကန်ချက်အား ဂိုးသမား နီရှီကာဝါ ပုတ်ထုတ်ရာကနေ လျှံထွက်လာတဲ့ ဘောလုံးကို ဘာနာဒိုဆေးလ်ဗားက ထပ်မံကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ သောကြာနေ့ညမှာတော့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ဖလူမင်နိစ်အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

#မန်စီးတီး #ကလပ်ကမ္ဘာ့ဖလား #အူရာဝါရက်ဒိုင်းမွန်း