၁၆ သင်းအဆင့် မဲခွဲမှုအပြီးမှာ ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ
4:12 PM, 19 December
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မဲခွဲမှုတွေမှာတော့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးက ကိုပင်ဟေဂင်နဲ့ တွေ့ဆုံနေပြီး အာဆင်နယ်ကတော့ ပေါ်တိုနဲ့တွေ့ဆုံနေပါတယ်။
ယခုအခါ စူပါကွန်ပြူတာကတော့ အုပ်စုအဆင့်က ရလဒ်တွေပေါ် အသေးစိတ် တွက်ချက်ပြီးနောက် မန်စီးတီးက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားမယ်လို့ ပြတ်ပြတ်သားသား ဟောကိန်းထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ပက်ဂွါဒီယိုလာရဲ့ အသင်းဟာ စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်အရ ဆုဖလားရရှိဖို့ ၄၉ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
ဒုတိယနေရာမှာတော့ အင်္ဂလန်ကြယ်ပွင့် ဟယ်ရီကိန်းကိုပိုင်ဆိုင်ထားတဲ့ ဘိုင်ယန်မြူးနစ်က ၁၈ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပြီး တတိယနေရာမှာတော့ ရီးရဲလ်မက်ဒရစ်က ၁၄ ရာခိုင်နှုန်းနဲ့ရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ အဆင့် ၅က ပီအက်စ်ဂျီရဲ့အထက် အဆင့် ၄ နေရာမှာ ၉ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။
လက်ရှိအာဆင်နယ်အသင်းဟာ အာစင်ဝင်းဂါးလက်ထက်နောက်ပိုင်း ၁၆ သင်းအဆင့်နဲ့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၇ ခုနှစ်မှာ ၁၆ သင်းအဆင့်ကို နောက်ဆုံးအနေနဲ့ တက်ရောက်နိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း ၁၆ သင်းအဆင့်ကို ကျော်လွန်နိုင်ခြင်းမရှိသေးပါဘူး။
လက်ရှိချန်ပီယံမန်စီးတီးကတော့ ၁၉၇၉-၈၀ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ၂ နှစ် ဆက်ရခဲ့ဖူးတဲ့ နော်တင်ဟမ်ဖောရက်စ်ရဲ့ စံချိန်ကို လိုက်မှီတဲ့ ပထမဆုံး အင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းဝင်ဖို့ အခွင့်အရေးများနေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်း ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတဲ့နောက်ဆုံးရာသီဟာ ၂၀၁၆-၁၇ ခုနှစ်ကဖြစ်ပြီး အဆိုပါရာသီဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးနည်းပြဘဝ ပထမဆုံးရာသီလည်းဖြစ်ပါတယ်။
အခြားအသင်းတွေမှာတော့ ဒေါ့မွန်ကြယ်ပွင့်ဟောင်း ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဘယ်လင်ဟမ်က လိုက်ပ်ဇစ်နဲ့ ယှဉ်ပြိုင်ဖို့အတွက် ဂျာမန်မြေကို တစ်ဖန်ခြေချရတော့မှာဖြစ်ပါတယ်။ ဟယ်ရီကိန်းရဲ့ ဘိုင်ယန်မြူးနစ်ကတော့ လာဇီယိုနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားနဲ့ စီးရီးအေ ဖလားတွေကို အသီးသီးဆွတ်ခူးခဲ့ကြတဲ့ စပိန်ချန်ပီယံ ဘာစီလိုနာနဲ့ အီတလီချန်ပီယံ နာပိုလီတို့ကလည်း ၁၆ သင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။