ရှေ့သို့
Image

နှလုံးရောဂါဖြစ်နေတဲ့ လူတန်တောင်း အသင်းခေါင်းဆောင် လော့ခ်ကာကို အကြံပေးလိုက်တဲ့ အဲရစ်ဆင်

2:15 PM, 19 December

စနေနေ့က ဘုန်းမောက်နဲ့ပွဲမှာ နှလုံးဝေဒနာခံစားခဲ့ရတဲ့ လူတန်တောင်း အသင်းခေါင်းဆောင် လော့ခ်ကာကို ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်က အကြံပေးလိုက်ပါတယ်။

ဘုန်းမောက်နဲ့ ပွဲကစားနေရင်း လော့ခ်ကာဟာ နှလုံးရပ်သွားခဲ့တာကြောင့် လဲကျခဲ့တာဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် ပွဲကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ သတင်းတွေအရ လော့ခ်ကာဟာ နှလုံးဝေဒနာခံစားနေရတာဖြစ်ပြီး ကုသမှုတော့ ခံယူနေတယ်လို့ အသင်းဘက်က အတည်ပြုခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်မျိုးကို အဲရစ်ဆင်လည်း ကြုံတွေ့ခဲ့ဖူးတာဖြစ်ပြီး လော့ခ်ကာကို အခုလိုအကြံပေးခဲ့ပါတယ်။ “ကျွန်တော် သတင်းတွေဖတ်လိုက်ရပါတယ်။ သူအဆင်ပြေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူ့အချိန်သူယူပြီး ကျန်းမာအောင်လုပ်ဖို့ လိုအပ်ပါတယ်။ သူ့မိသားစုကလည်း ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ ဆရာဝန်တွေပြောသလို လေးစားမှုရှိရှိလုပ်ဆောင်ဖို့ပပါ။ သူပြန်ကောင်းလာဖို့ထက် ဘာမှအရေးမကြီးပါဘူး။ ဒါပေမယ့် အဆုံးသတ်မှာ သူဘယ်လိုခံစားရလဲဆိုတာရယ် ဆရာဝန်တွေက ဘာပြောလဲဆိုတာရယ်က အရေးကြီးပါတယ်။ မိသားစုနဲ့တိုင်ပင်ပြီး သူဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ လက်ရှိအချိန်မှာတော့ ကိုယ့်အတွက်ပဲကိုယ်အာရုံစိုက်ထားပြီး အချိန်ယူဖို့ လိုအပ်ပါတယ်”လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်ဟာ ယူရို ၂၀၂၀ တုန်းက ဖင်လန်နဲ့ပွဲမှာ အခုလိုမျိုးဖြစ်ခဲ့တာဖြစ်ပြီး နှလုံးဝေဒနာခံစားခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် အင်တာမီလန်ကနေ စီးရီးအေရဲ့စည်းမျည်းတွေကြောင့် ထွက်ခွာလာခဲ့ရပြီး ဘရန့်ဖို့ဒ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

လော့ခ်ကာတစ်ယောက် ပြန်လာနိုင်မလားဆိုတာ မသေချာသေးပဲ အခုနှစ်အတွင်း ကွင်းထဲမှာလဲကျတာ ၂ ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ကာ ချန်ပီယံရှစ် play-off ဖိုင်နယ်တုန်းကလည်း အခုလိုမျိုးလဲကျခဲ့သေးတာဖြစ်ပါတယ်။ လူတန်တောင်း အသင်းဘက်ကတော့ တနင်္ဂနွေနေ့တုန်းက လော့ခ်ကာရဲ့အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ကာ ရလဒ်တွေအပေါ်မူတည်ပြီး ဆုံးဖြတ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

#ဘုန်းမောက်လ် #အဲရစ်ဆင် #ပရီးမီးယားလိဂ် #လူတန်တောင်း #တွမ်လော့ခ်ကာ