ရှေ့သို့
Image

ပေါ်တိုကို လျှော့မတွက်ဖို့ အာဆင်နယ် အသင်းကို သတိပေးလိုက်တဲ့ အီဒူဂတ်စပါ

12:50 PM, 19 December

အာဆင်နယ်အသင်း နည်းစနစ်ဒရိုက်တာ အီဒူဂတ်စပါက အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံနေတဲ့ ပေါ်တူဂီကလပ် ပေါ်တိုကို လျှော့မတွက်သင့်ကြောင်း သတိပေးပြောဆိုလာခဲ့ပါတယ်။ ဂတ်စပါက အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင် ပေါ်တိုနဲ့ ပွဲစဉ်ကိုလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်သွားရမယ်လို့ ယူဆနေပါတယ်။

တနင်္လာနေ့ကကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲပွဲမှာ အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ နာပိုလီတို့လို အသင်းတွေကို ရှောင်ရှားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းကြီး တစ်သင်းဖြစ်တဲ့ ပေါ်တိုနဲ့ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ပရိသတ်တွေက အခုလိုပေါ်တိုအသင်းနဲ့ တွေ့ဆုံရတာက အပြုသဘောဆောင်ပြီး နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အခွင့်အလမ်းများတယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

သို့သော် ပေါ်တိုကလည်း အုပ်စုအဆင့်မှာ ဘာစီလိုနာ၊ ရှက်တာဒိုးနက်၊ အန့်တ်ဝက်ပ်တို့နဲ့ ကျရောက်ခဲ့ပြီး ဒုတိယနေရာ ရရှိကာ ၁၆ သင်းအဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ပေါ်တိုဟာ အနိုင်ရရှိဖို့ လိုအပ်ခဲ့ပြီး ရှက်တာဒိုးနက်ကို ၅-၃ နဲ့ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိပေါ်တိုအသင်းမှာ အသက်-၄၀ နှစ်အရွယ် အတွေ့အကြုံရင့်ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ပီပီကလည်း ပွဲထွက်ကစားသမားအဖြစ်ပါဝင်နေပါတယ်။ ဒီရာသီမှာ ပေါ်တိုအသင်းဟာ ပေါ်တူဂီပြည်တွင်းလိဂ်ရဲ့အဆင့် ၃ နေရာမှာ ရပ်တည်ထားနိုင်တာကြောင့် ဂတ်စပါက ပေါ်တိုဟာ အာဆင်နယ်အတွက် လွယ်ကူတဲ့ စမ်းသပ်ချက်တစ်ခုမဟုတ်ကြောင်း သတိပေးလာခဲ့တာဖြစ်ပါတယ်။

၎င်းက “ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်နဲ့အသားကျနေတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်သွားရမှာပါ။ သူတို့ဟာ နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်မှာပါဝင်ခွင့်ရရှိနေပြီး ကစားသမားအများစုကလည်း အတွေ့အကြုံအတော် ရင့်ကျက်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီပွဲကို ဘယ်လိုကစားရမလဲဆိုတာ နားလည်ဖို့လိုပြီး သူတို့ကိုလည်း တတ်နိုင်သလောက်လေးစားမှု ထားရပါမယ်။ သူတို့ကိုကျော်ဖြတ်ဖို့အတွက် အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ရပါမယ်။ သူတို့ကစားတဲ့ ပုံစံနဲ့ ဖွဲ့စည်းပုံအပြင် ဘယ်လိုကစားသမားတွေ ရှိလဲဆိုတာ ကျွန်တော်တို့မြင်ပြီးပါပြီ။ ပေါ်တိုဆိုတာ သေချာပြင်ဆင်ပြီး ရင်ဆိုင်ရမယ့် အသင်း တစ်သင်းဖြစ်ပြီး မဟုတ်ရင်တော့ ကျွန်တော်တို့မှာပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အာရုံစူးစိုက်မှု အပြည့်နဲ ကျွန်တော်တို့ရဲ့ပုံစံအတိုင်း ဒီပွဲကိုကစားသွားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပေါ်တိုကို အဝေးကွင်းမှာ ၃ ကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး တစ်ကြိမ်မှ အနိုင်မရခဲ့ပါဘူး။ အခြားပွဲစဉ်တွေမှာတော့ ပီအက်စ်ဂျီက ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ဆုံနေပြီး အင်တာမီလန်ကတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံနေပါတယ်။ ၁၆ သင်းအဆင့်ရဲ့ အကြီးမားဆုံးတွေ့ဆုံမှုကတော့ ဘာစီလိုနာနဲ နာပိုလီတို့ရဲ့ပွဲစဉ်ဖြစ်ပြီး အဆိုပါပွဲစဉ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်လာနိုင်ချေရှိပါတယ်။


လက်ရှိချန်ပီယံမန်စီးတီးကတော့ ကိုပင်ဟေဂင်နဲ့ တွေ့ဆုံနေပြီး ဒေါ့မွန်ကတော့ ပီအက်စ်ဗွီနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က လာဇီယိုနဲ့ တွေ့ဆုံသွားရမှာဖြစ်ပြီး ဂျုဘယ်လင်ဟမ်ရဲ့ ရီးရဲလ်မက်ဒရစ်ကတော့ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံနေပါတယ်။

#အာဆင်နယ် #ချန်ပီယံလိဂ် #ပေါ်တို #အီဒူဂတ်စပါ