ရှေ့သို့
Image

ဘယ်လ်ဂျီယံရှိ နေအိမ်ဖောက်ထွင်းခံရကာ အဖိုးတန်လက်ဝတ်ရတနာတွေ ပျောက်ဆုံးနေတဲ့ ကီဗင်ဒီဘရိုင်း

11:24 AM, 19 December

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆော်ဒီနိုင်ငံဆီ မန်စီးတီးနဲ့အတူ ရောက်ရှိနေချိန်မှာပဲ ဘယ်လ်ဂျီယံနိုင်ငံရှိ ကီဗင်ဒီဘရိုင်းရဲ့နေအိမ်ကို ဖောက်ထွင်းသမားတွေက ဝင်ရောက်ကာ အဖိုးတန်လက်ဝတ်ရတနာတွေကို ခိုးယူသွားခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်လူနဲ့ သူ့ရဲ့မိသားစုဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဇိုလ်ဒါမြို့ရှိ နေအိမ်ဖောက်ထွင်းခံရမှုရဲ့ သားကောင်တွေ ဖြစ်လာခဲ့ရပါတယ်။ ဖောက်ထွင်းခံရချိန်မှာ နေအိမ်တွင်း ဘယ်သူမှရှိမနေဘဲ ကစားသမား ကိုယ်တိုင်လည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မန်စီးတီးအသင်းနဲ့အတူ ဆော်ဒီနိုင်ငံဆီ ရောက်ရှိနေခဲ့ပါတယ်။

ဒီရာဇဝတ်မှုဖြစ်စဉ်ဟာ ဒီဇင်ဘာ ၁၆ ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီမှ ၉ နာရီအတွင်း ဖြစ်ပွားခဲ့တယ်လို့ အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေက နေအိမ်တွင်း ဝင်ရောက်ကာ မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဖောက်ထွင်းလုယက်မှုဖြစ်စဉ်ကို ဒီဘရိုင်းရဲ့ဇနီး လာခရိုအစ်က ဦးဆုံးသိရှိခဲ့တာပါ။

အစိုးရရှေ့နေရုံးရဲ့ တရားဝင်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာမှာ “အရာရာတိုင်း မွှေနှောက်ဖျက်ဆီးခံထားရပြီး ပျက်စီးဆုံးရှုံးမှုပမာဏကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် အဖိုးတန်လက်ဝတ်ရတနာတွေကတော့ ခိုးယူခံရလို့ ပျောက်ဆုံးသွားပါတယ်။ အခုဖြစ်စဉ်နဲ့စပ်လျဉ်းလို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မှုခင်းဆေးပညာရှင်တွေလည်း အခင်းဖြစ်နေရာဆီ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို အိမ်နီးနားချင်းတွေကိုလည်း မေးမြန်းမှုတွေ လုပ်ဆောင်သွားရပါလိမ့်မယ်။ ဒါကြောင့် ပြစ်မှုကျူးလွန်သူတွေ ဘယ်သူလဲဆိုတာ တိတိကျကျမသိရသေးပါဘူး”လို့ ဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား ဒီဘရိုင်းဟာ အခုနှစ်၊မေလအတွင်း အင်တာမီလန်နဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဒဏ်ရာက ဘောလုံးရာသီသစ်၊ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘန်လေနဲ့ ရင်ဆိုင်ချိန်မှာလည်း ပြန်လည်ပေါ်ပေါက်လာခဲ့လို့ ပွဲအစပိုင်းမှာပဲ လူစားလဲလှယ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ဒီဘရိုင်းက လေ့ကျင့်ခန်းပြန်ဆင်းနေပြီး မန်စီးတီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရာ ဆော်ဒီနိုင်ငံဆီ ရောက်ရှိနေပါတယ်။

#မန်စီးတီး #ဒီဘရိုင်း #ဘယ်လ်ဂျီယံ #ပရီးမီးယားလိဂ်