ရှေ့သို့
Image

အယ်လ်အာလီအား အနိုင်ယူကာ မန်စီးတီးကို ဗိုလ်လုပွဲကနေ စောင့်နေပြီဖြစ်တဲ့ ဖလူမင်နိစ်

9:12 AM, 19 December

မာဆယ်လိုပါဝင်တဲ့ ဘရာဇီးကလပ် ဖလူမင်နိစ်အသင်းဟာ မနေ့ညက အီဂျစ်ကလပ် အယ်လ်အာလီကို အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။

ကိုပါလေဘာတေးဒိုချန်ပီယံဟာ ယနေ့ညကစားမယ့် မန်စီးတီး-အူဝါရာရက်ဒိုင်းမွန်းပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲမှာ ကစားရမှာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ဖလူမင်နိစ်က ဘောလုံးကိုင်ပြီး တောက်လျှောက် ထိုးဖောက်နေခဲ့ပေမယ့် အယ်လ်အာလီရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။

အယ်လ်အာလီအသင်းဟာ တန်ပြန်တိုက်စစ်တွေကနေ အခွင့်အရေးများစွာ ရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေက ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပထမပိုင်းက ဂိုးမရှိသရေနဲ့သာ ပြီးဆုံးသွားပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတင် အယ်လ်အာလီရဲ့ထိုးဖောက်မှုကို ဂိုးသမားဖေဘီယို အသည်းအသန်ကာကွယ်ခဲ့ရပါတယ်။

၇၁မိနစ်မှာ မာဆယ်လိုရဲ့ ထိုးဖောက်မှုကနေ ဖလူမင်နိစ်တို့ ပင်နယ်တီရခဲ့ပြီး အရီယက်စ်က သွင်းယူသွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အယ်လ်အာလီက ချေပဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးရခဲ့ပေမယ့် တာအူရဲ့ကန်သွင်းချက်က ဂိုးသမားထံသာ ရောက်သွားခဲ့ပါတယ်။

အယ်လ်အာလီက ချေပဂိုးရဖို့ အစွမ်းကုန်ဖိကစားနေချိန် ဖလူမင်နိစ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို ကနေဒီက တန်ပြန်တိုက်စစ်ကနေ သွင်းယူပေးခဲ့ပါတယ်။

#ကလပ်ကမ္ဘာ့ဖလား #ဖလူမင်နိစ်