ရှေ့သို့
Image

ဒါလော့ကို အနီကတ်ပြထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ယူနိုက်တက်ပရိသတ်များ ပေါက်ကွဲနေ

1:03 PM, 18 December

ယမန်နေ့ညက လီဗာပူးနဲ့ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲပြီးကာနီးအချိန်မှာ ယူနိုက်တက် ညာနောက်ခံလူ ဒီယေဂိုဒါလော့ကို အကြောင်းပြချက် ကြီးကြီးမားမားမရှိဘဲ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက အဝါကတ် ၂ ကတ်ဆက်တိုက်ပြကာ ထုတ်ပယ်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပေါက်ကွဲနေကြတာဖြစ်ပါတယ်။

ဒါလော့က မှန်တဲ့ဘက်ကနေ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာဖြစ်သော်လည်း ကွင်းလယ်ဒိုင်ကတော့ အနီကတ်ပြဖို့ဆုံးဖြတ်ခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေက အဆိုပါဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လှောင်ပြောင်မှုတွေပြုလုပ်ခဲ့သလို ဒေါသတကြီးဝေဖန်မှုတွေလည်းပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ လီဗာပူးဟာ ယူနိုက်တက်ကို ဂိုးပေါက်ကန်သွင်းမှု ၃၄ ကြိမ်အထိ ပြုလုပ်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ရမှတ် ၁ မှတ် ခွဲဝေပေးခဲ့ရတာဖြစ်ပါတယ်။ သို့သော် ပရိသတ်တွေက လီဗာပူး ဂိုးမသွင်းနိုင်တာထက် ဒါလော့ရဲ့ ထူးဆန်းတဲ့ အနီကတ်ပြစ်ဒဏ်ကိုသာ အံ့ဩတကြီးဖြစ်နေကြပါတယ်။

ဘောလုံးဝေဖန်သူတစ်ဦးက “သဘောထားကွဲလွဲလို့ စောဒကတက်မှုအတွက် အဝါကတ် ၂ ကတ်ဆက်တိုက်ပြဖူးလို့လား။ အင်္ဂလန်ဒိုင်တွေ စိတ်မှမှန်သေးရဲ့လား” လို့ ပို့စ်တင်ခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်နဲ့ ဒါလော့တို့ ဘောလုံးယှဉ်လုရာမှာ ဘောလုံးက ဆာလက်နဲ့ထိပြီး ဘေးစည်းကို ကျော်သွားခဲ့ပေမယ့် ဒိုင်လူကြီးကတော့ လီဗာပူးကို လက်ပစ်ဘောပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါလော့က ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပေါက်ကွဲခဲ့ပြီး မယုံကြည်နိုင်တာကြောင့် လက်ဟန်ခြေဟန်နဲ့ စောဒကတက်ခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ မိုက်ကယ်အိုလီဗာက အဝါကတ် ၂ ကတ်နဲ့ အနီကတ် ၁ ကတ်ကို စက္ကန့်ပိုင်းအတွင်းပြသပြီး ပေါ်တူဂီလက်ရွေးစင် ကစားသမားကို ကွင်းထဲကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း မိုက်ကယ်အိုလီဗာဟာ ယခုလိုအပြုအမူနဲ့ဆင်တူတဲ့ ပုံစံမျိုးကို အာဆင်နယ်တောင်ပံကစားသမား မာတင်နယ်လီအပေါ်ပြုမူခဲ့ဖူးပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ပြစ်ဒဏ် ၂ ခုကို မိနစ်ပိုင်းအတွင်း ကျူးလွန်ခဲ့တာကြောင့် အိုလီဗာက အဝါကတ် ၂ ကတ်ကို ဆက်တိုက်ပြသပြီး ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒီယွန်ဒပ်ဘလင်ကလည်း အိုလီဗာရဲ့ ဆုံးဖြတ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး “တကယ်ကို ရူးကြောင်ကြောင်နဲ့ပါ။ ဒါလော့အနေနဲ့ သူကမှန်နေပြီး လီဗာပူးဘက်ကို လက်ပစ်ဘောပေးလိုက်ရတော့ သေချာပေါက် ဒေါသထွက်နေမှာပါပဲ။ ဒီကိစ္စအတွက်နဲ့ နေရာတစ်နေရာတည်းမှာ စက္ကန့်ပိုင်းအတွင်း အဝါကတ် ၂ ကတ်တဲ့။ ရယ်စရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေကလည်း “ဘုရားစူးပါဗျာ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမှစိတ်ထိန်းနိုင်မှာ မဟုတ်ပါဘူး” “စက္ကန့်ပိုင်းအတွင်း အဝါကတ် ၂ ကတ်ပြတယ်တဲ့။ ဘယ်လောက်တောင် ရူးကြောင်လိုက်သလဲ” စသဖြင့် ဝေဖန်ရေးသားခဲ့ကြတာဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်