ရှေ့သို့
Image

ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့လို့ ကာလရှည်အနားယူရတော့မယ့် ရီးရဲလ်မက်ဒရစ် နောက်ခံလူ အလာဘာ

11:22 AM, 18 December

ဒီနေ့မနက်ပိုင်း၊ ဗီလာရီးရဲလ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်နောက်ခံလူအလာဘာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့လို့ လအတန်ကြာ အနားယူရဖို့ ရှိလာပါတယ်။ သြစတြီးယားနောက်ခံလူက ပထမပိုင်း ပွဲချိန်အတွင်း ဗီလာရီးရဲလ်တိုက်စစ်မှူး မော်ရီနိုနဲ့ ရင်ဆိုင်ကစားချိန် အခုလို ပြင်းထန်ဒူးဒဏ်ရာကို ရရှိခဲ့တာပါ။

မက်ဒရစ်အခြေစိုက်ကလပ်ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “အလာဘာရဲ့ဒဏ်ရာကို စစ်ဆေးပြီးနောက် ဘယ်ဘက်ဒူးအရွတ် စုတ်ပြဲသွားတာကို တွေ့ရှိခဲ့ရပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ကစားသမားကို ခွဲစိတ်ကုသသွားပါမယ်”လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အလာဘာဟာ ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်တဲ့ ဂိုးသမားကော်တိုရစ်၊ နောက်ခံလူမီလီတာအိုတို့လိုပဲ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူရပါတော့မယ်။ အလားတူ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကာမာဗင်ဂါကလည်း ဒူးအရွတ်ကြော ပေါက်ပြဲဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ဗဟိုခံစစ်မှူးအဖြစ် ရူဒီဂါနဲ့ နာချိုတို့ပဲ ကျန်ရှိပါတော့တယ်။ ဗီလာရီးရဲလ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ဒဏ်ရာမှပြန်လည်သက်သာလာတဲ့ ကွင်းလယ်လူချူအာမန်နီ လူစားဝင်ပါဝင်ကစားခဲ့တာကြောင့် နည်းပြအန်ဆယ်လော့တီအနေဖြင့် သူ့ကို ဗဟိုခံစစ်မှူးနေရာအတွက် အရန်အဖြစ် အသုံးပြုတာမျိုး ရှိကောင်းရှိလာနိုင်ပါတယ်။

အလာဘာရဲ့ဒဏ်ရာနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက “အတော်လေးကို စိတ်ပျက်ဝမ်းနည်းစရာကောင်းပါတယ်။ နောက်ပြီး လေးလလောက်အတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာ သုံးကြိမ်လောက် ရင်ဆိုင်ရတာမျိုး ကျွန်တော် ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး။ ကျွန်တော်တို့အသင်းက ဒီအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပြီး လူတွေထင်ထားတာထက် ပိုပြီးတော့ လုပ်ပြနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်က တိုက်စစ်ကြယ်ပွင့် ဗင်နီးစီးယက်စ်ကိုလည်း တံကောက်ကြော ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရပြီး သူ့ရဲနေရာမှာ ဘယ်လင်ဟမ်၊ ရီုဒရီဂိုနဲ့ ဘရာဟင်ဒီယက်ဇ်တို့က အကောင်းဆုံး ဖြည့်ဆည်းကစားပေးနေပါတယ်။ ဗီလာရီးရဲလ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း သူတို့သုံးဦးအပြင် လူကာမိုဒရစ်ကပါ မက်ဒရစ်အခြေစိုက်ကလပ်အတွက် သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။

#လာလီဂါ #အလာဘာ #ရီးရဲလ်မက်ဒရစ်