ရှေ့သို့
Image

ခါးသီးပြိုင်ဘက်ကို သမိုင်းဝင်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်အကြောင်း ပြန်ပြောင်းပြောပြလာတဲ့ ဂတ်ပို

10:23 AM, 17 December

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ခါးသီးပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို သမိုင်းဝင်ခုနစ်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက်အပေါ် လွှမ်းမိုးထားလိုတဲ့စိတ်ဆန္ဒက လီဗာပူးကစားသမားတွေကို တွန်းအားပေးမောင်းနှင်ပေးခဲ့တယ်လို့ တိုက်စစ်မှူးဂတ်ပိုက ဝန်ခံပြောဆိုလိုက်ပါတယ်။


ပြီးခဲ့တဲ့မတ်လအတွင်း ဒီကလပ်အသင်းနှစ်ခုအကြား သမိုင်းတလျှောက် ၂၁၁ ကြိမ်မြောက်တွေ့ဆုံမှုမှာ တန်ဟက်ရဲ့အသင်းဟာ ဒုတိယပိုင်းပေးဂိုးဒါဇင်ဝက်နဲ့အတူ အကြီးမားဆုံးရှုံးနိမ့်မှုတစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ 


အဲ့ဒီနေ့ပွဲစဉ်မှာ အန်ဖီးလ်ကွင်းရှိ ပွဲကြည့်စင်ပေါ်မှ အားပေးမှုတွေက အံ့မခန်းဖြစ်နေခဲ့ပေမယ့် ကွင်းတွင်းခံစားချက်တွေကတော့ ပရော်ဖက်ရှင်နယ်ပီသပြီး လက်တွေ့ဆန်ခဲ့တယ်လို့ ဂတ်ပိုက ဆိုပါတယ်။

“အဲ့ဒီပွဲစဉ်ကတော့ အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့တွေ အနိုင်ရချင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သိထားခဲ့ပါတယ်။ နှစ်သင်းလုံးဆီမှ ကောင်းမွန်တဲ့ပထမပိုင်းပွဲချိန်အပြီး ဒုတိယပိုင်းပွဲချိန်စတင်လာချိန်မှာပဲ ကျွန်တော်တို့တွေ ပွဲကိုလွှမ်းမိုးကာ ဂိုးတွေအများကြီး သွင်းယူခဲ့ပါတယ်။


ကျွန်တော်က ပထမပိုင်းပွဲချိန်မပြီးခင် ဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းအစ နှစ်မိနစ်မှာပဲ ဒါဝင်နူနက်ဇ်က အသင်းအတွက် ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ နောက်ထပ်နှစ်မိနစ်အကြာမှာပဲ ကျွန်တော်က အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူပေးခဲ့တယ်။ ပထမပိုင်းပွဲချိန်အပြီး အဲ့ဒီလိုလျှင်လျှင်မြန်မြန်နဲ့ ဂိုးတွေသွင်းယူနိုင်တာက ကျွန်တော်တို့အတွက် အရမ်းကောင်းသလို ပွဲကိုလည်း အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ တကယ့်ကို အံ့မခန်းပါပဲ။


ဒီလိုဂိုးတွေအများကြီးသွင်းဖို့မျှော်လင့်ခဲ့တာမရှိဘဲ ပွဲကိုလွှမ်းမိုးကာ ကိုယ် အကောင်းဆုံးကစားတာကို ပြသချင်ခဲ့ရုံပါပဲ။ အဲ့ဒီနေ့တုန်းက အားလုံးမှာ ပွဲကောင်းတစ်ခု ရရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုမျိုး ထပ်လုပ်ပြနိုင်ဖို့လည်း မျှော်လင့်မိပါတယ်”လို့ ဂတ်ပိုက ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်က အခုရာသီရလဒ်ပိုင်းမတည်ငြိမ်မှုတွေနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာထားရချိန် အန်ဖီးလ်ကွင်းအတွင်း လာရောက်ယှဉ်ပြိုင်ကစားရတော့မှာပါ။


ဒါပေမယ့် ဂတ်ပိုကတော့ နိုဝင်ဘာလအတွင်း ပရီမီးယားလိဂ်သုံးပွဲဆက်အနိုင်ယူကာ တစ်လတာအကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုကို သိမ်းပိုက်ခဲ့တဲ့ အသင်းတစ်ခုကို အကောင်းဆုံးရင်ဆိုင်ဖို့ လီဗာပူးတို့ ပြင်ဆင်နေတယ်လို့ ချင့်ချိန်ပြောဆိုလိုက်ပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာ အရည်အချင်းကောင်းတွေ အများကြီးရှိတာကြောင့် ဘယ်အရာကိုမှ ကျွန်တော်တို့ လျှော့တွက်သွားလို့ မရပါဘူး။ သူတို့ ဘယ်နေရာမှာရောက်နေသလဲဆိုတာက သိပ်အရေးမကြီးပါဘူး။

ကျွန်တော်တို့က ပြိုင်ဘက်ကို ပေါ့ပေါ့တန်တန်သဘောမထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို အာရုံစိုက်မနေဘဲ ကိုယ့်ပွဲစဉ်ကိုပဲ ကစားသွားရပါမယ်။ ကျွန်တော်တို့အသင်းမှာလည်း အရည်အချင်းကောင်းတွေ အများကြီးရှိပါတယ်။ ဒါကို နောက်တစ်ကြိမ်ထပ်မံပြသသွားဖို့ လိုအပ်ပါတယ်။


ကျွန်တော်တို့ ပွဲစဉ်တိုင်းမှာ ဂိုးတွေသွင်းယူနိုင်တယ်ဆိုတာ သိပါတယ်။ ဒါကြောင့်ပဲ ဒီလိုစွမ်းဆောင်ရည်ကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ဂိုးအချို့သွင်းယူဖို့ မျှော်လင့်မိပါတယ်။

ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို စောင့်မျှော်နေပေမယ့် နောက်တစ်ကြိမ် ခုနစ်ဂိုးလောက် သွင်းယူဦးမယ်လို့တော့ မတွေးထားပါဘူး။ ပွဲကို အာရုံစူးစိုက်ပြီး အနိုင်ရရှိဖို့အတွက်ပဲ ကြိုးစားသွားပါမယ်။

ကျွန်တော်တို့တွေ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတာကို သိထားသလို ကိုယ်လိုချင်တာဘာလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အတူတကွ အလုပ်ကို ကြိုးစားလုပ်ကိုင်ကာ ပွဲစဉ်တိုင်းကို အနိုင်ရရှိဖို့ အာရုံစိုက်သွားရပါမယ်”လို့ ဂတ်ပိုက ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ဂတ်ပို #ပရီးမီးယားလိဂ်