ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ကို ဟာလန်း လွဲချော်ဖွယ်ရှိတယ်လို့ အတည်ပြုလိုက်တဲ့ ပက်ဂွါဒီယိုလာ

3:54 PM, 16 December

အခုညပိုင်း၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို အသင်းဂိုးသွင်းစက်ဟာလန်း ပါဝင်ကစားနိုင်လိမ့်မယ်လို့ နည်းပြပက်ဂွါဒီယိုလာ မယုံကြည်ထားပါဘူး။

နော်ဝေတိုက်စစ်မှူးဟာ ခြေဖဝါးဒဏ်ရာခံစားနေရပြီး ဒဏ်ရာအခြေအနေသိပ်မပြင်းထန်ပေမယ့် အခုသီတင်းပတ်အတွင်း ပါဝင်ကစားပေးနိုင်ဖို့ မနီးစပ်သေးပါဘူး။ ဂွါဒီယိုလာကတော့ အခုလနှောင်းပိုင်း၊ ဆော်ဒီမှာကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟာလန်း ပြန်လည်ပါဝင်လာဖို့ အလားအလာအများကြီးရှိနေတယ်လို့ ပြောပါတယ်။

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဟာလန်း ပြန်လာနိုင်မယ့်အချိန်နဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ သူ ဒီနေ့ အသင်းဆီ ရောက်ရှိလာပြီး အခြေအနေကို စောင့်ကြည့်သွားရပါမယ်။ အသင်းဆရာဝန်တွေကလည်း ဟာလန်းကို စစ်ဆေးသွားပါလိမ့်မယ်။ ကျွန်တော်တို့တွေလည်း သူ ဘယ်လိုခံစားနေရတယ်ဆိုတာကို စောင့်ကြည့်သွားရပါလိမ့်မယ်။ ဟာလန်းက ကလပ်အသင်းပြင်ပမှာပဲ ဆေးကုသမှုခံယူနေတာပါ။ အခုပွဲစဉ်အပြီး မနက်ဖြန်၊ ဆော်ဒီနိုင်ငံဆီထွက်ခွာမယ့်ခရီးစဉ်မှာ သူလိုက်ပါလာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့နဲ့အတူ ဟာလန်းလည်း လိုက်ပါလာနိုင်မယ်လို့ ထင်ပါတယ်။ ပြီးရင်တော့ သူက ပထမဆုံးပွဲကို ကစားနိုင်မလား(သို့မဟုတ်) ဒုတိယပွဲကျမှ ကစားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ဟာလန်းပါဝင်ကစားနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် စပိန်သားနည်းပြက “ကျွန်တော်တော့ မထင်ပါဘူး။ ဆရာဝန်တွေက အကြောင်းအရာအသစ်တစ်ခုကို ကျွန်တော့်ဆီပြောပြပြီး အံ့အားသင့်သွားအောင် လုပ်တာမျိုးလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တော့ မထင်ပါဘူး။ ကစားသမားအချို့က အမြန်ဆုံးသက်သာလာတက်ကြပေမယ့် အချို့ကျပြန်တော့လည်း အတော်လေးကြာအောင် စောင့်ရပြန်ပါတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်ပတ်ပြီးတစ်ပတ်ပေါ့။ သူ ဘယ်လိုခံစားနေရသလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ရောဂါလက္ခဏာ(သို့မဟုတ်) နာကျင်မှုတွေ မခံစားရတော့တဲ့အချိန်ကျရင် ဟာလန်း ပြန်ကစားပေးပါလိမ့်မယ်”လို့ ဖြေပေးခဲ့ပါတယ်။

အခုရာသီ၊ မန်စီးတီးအတွက် ၁၅ ပွဲကစား၊ ၁၄ ဂိုးအထိ သွင်းယူပေးထားတဲ့ ဟာလန်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာပါ။ သူက ချန်ပီယံလိဂ်ပြိုင်မှာလည်း ငါးဂိုးသွင်းယူပေးထားလို့ ပြိုင်ပွဲစုံ ၂၂ ပွဲကစား၊ ၁၉ ဂိုးအထိ ရယူထားနိုင်ပါတယ်။

ဟာလန်းက လူတန်တောင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ဇီဗက်ဒါကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ကာလရှည်ဒဏ်ရာရနေတဲ့ ဒီဘရိုင်းနဲ့အတူ ဒိုကူလည်း ကြွက်သားဒဏ်ရာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိပါတယ်။

#မန်စီးတီး #ခရစ္စတယ်ပဲလေ့စ် #ဂွါဒီယိုလာ #ဟာလန်း #ပရီးမီးယားလိဂ်