ရှေ့သို့
Image

ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ဦးဆောင်မှုအောက်မရောက်ခင်မှာ ရာထူးကနေ ထုတ်ပယ်ခံရမှာမဟုတ်ဘူးလို့ ယုံကြည်နေတဲ့ တန်ဟက်

2:36 PM, 15 December

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က မကြာခင်မှာ အသင်းကို ဦးဆောင်လာမယ့် ဆာဂျင်ရက်ကလစ်ဖ်လက်ထက် မတိုင်ခင်အထိ ရာထူးမှာ တည်မြဲနေမယ်လို့ ယုံကြည်နေပြီး ရက်ကလစ်ဖ်ထံ သူ့ရဲ့အမြင်တွေကို ဝေမျှနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ရုန်းကန်နေရတဲ့ နယ်သာလန်သားဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ကစားသမားသစ်  ခေါ်ယူမှုများနဲ့ လာမယ့်အနာဂတ် အစီအစဉ်တွေ အတွက် စိတ်ကူးတွေကို ရက်ကလစ်ဖ်ထံ တင်ပြနိုင်မယ်လို့ယူဆနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

မကြာသေးမီကလည်း ယူနိုက်တက်မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မယ့် ရက်ကလစ်ဖ်ဟာ ချဲလ်ဆီးနဲ့ ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်းအဖြစ် ပေါင် ၁.၂၅ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှုကို လာမယ့်အပတ်မှာပဲ အတည်ပြုတော့မယ်လို့ Mail Sport ကဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို ၀-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့အပြင် ဘိုင်ယန်မြူးနစ်ကိုလည်း ၀-၁ နဲ့ ထပ်မံရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရတာကြောင့် တန်ဟက်အနေနဲ့ ဝေဖန်မှုတွေနဲ့ ဖိအားတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ယခုရာသီမှာ ယူနိုက်တက်ဟာ အနိုင်ရတဲ့ပွဲထက် ရှုံးတဲ့ပွဲက ပိုများနေသော်လည်း ပြီးခဲ့တဲ့နိုဝင်ဘာလကတော့ အသေးစားပြန်လည်နိုးထမှုတစ်ခုမြင်တွေ့ခဲ့ရပြီး တန်ဟက်ဟာ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး နည်းပြဆိုကို ဆွတ်ခူးခဲ့ကာ ယူနိုက်တက်ကလည်း အမှတ်ပေးဇယား အဆင့် ၆ နေရာသို့ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိအချိန်မှာတော့ တန်ဟက်ရဲ့ရာထူးက ဘေးကင်းနေတယ်လို့ ယူဆရသော်လည်း နယ်သာလန်သားအနေနဲ့ ရလဒ်ကောင်းတွေ ရှာဖွေပြီး သက်သေပြဖို့အပ်နေသေးတာဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အန်ဖီးလ်မှာ လီဗာပူးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၃ ကြိမ်ဆက်ရှုံးပွဲကို မကြုံတွေ့ရဖို့ အရေးကြီးနေပါတယ်။ ပြီးခဲ့တဲ့ မတ်လက ကလော့ပ်ရဲ့အသင်းဟာ ယူနိုက်တက်ကို ၇-၀ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ပြီး ယခုအခါမှာတော့ အဲဒီလို ဖြစ်ရပ်မျိုးထပ်မံကြုံတွေ့ရခြင်းမရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

တန်ဟက်အနေနဲ့ ယူနိုက်တက်ရဲ့ ခေါင်းဆောင်ပိုင်းပြောင်းလဲမှုတွေနဲ့ ဆက်ဆံရာမှာ ရက်ကလစ်ဖ်နဲ့ စတင်တွေ့ဆုံသွားမှာမဟုတ်ဘဲ အသင်းရဲ့အားကစားဒါရိုက်တာ ဒေ့ဗ်ဘရေးစ်ဖို့ဒ် နဲ့တွေ့ဆုံသွားရမှာဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အန်တိုနီမာရှယ်အပါအဝင် ယူနိုက်တက်ရဲ့ကစားသမားအချို့ဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာရဖို့ အလားအလာများနေပါတယ်။ အသင်းမှထွက်ခွာရဖို့ရှိနေတဲ့ ကြယ်ပွင့်ကစားသမားတွေထဲမှာ လက်ရှိရာသီအတွက် ၃ ပွဲသာ ကစားထားရတဲ့အပြင် တန်ဟက်နဲ့ပြဿနာတက်ခဲ့တဲ့ ဂျေဒန်ဆန်ချိုက ထိပ်ဆုံးမှာရှိနေပါတယ်။

ဒါ့အပြင် ၇ ပတ်ကြာအောင်ပွဲထွက်ခွင့်မရခဲ့တဲ့ နောက်ခံလူ ရာဖေးလ်ဗာရာနီကလည်း အသင်းမှထွက်ခွာမယ့် ကစားသမားစာရင်းထဲမှာ ရောက်ရှိနေပါတယ်။ ဗန်ဒီဘိခ်ကတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့ သေချာသလောက်ရှိသလို လစာမြင့်မားစွာပေးထားရတဲ့ ကတ်စမဲရိုးကလည်း အသင်းမှာဆက်ရှိဖို့မသေချာပါဘူး။

လက်ရှိအချိန်ထိ တန်ဟက်ဟာ ယူနိုက်တက်ရဲ့ ကျောထောက်နောက်ခံနဲ့အတူ ပေါင်သန်း ၄၀၀ အထိသုံးစွဲထားတာကြောင့် ယခုလို အသင်းရဲ့ခေါင်းဆောင်အသစ်နဲ့ တွေ့ဆုံတဲ့ အချိန်မှာ အနာဂတ်အစီစဉ်ကို ဘယ်လိုချပြသွားမလဲဆိုတာ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ်