ရှေ့သို့
Image

ပိုချက်တီနိုရဲ့ သီယာဂိုဆေးလ်ဗားအပေါ် ဆက်ဆံပုံတွေကို ဘဝင်မကျဖြစ်နေတဲ့ ချဲလ်ဆီးအသင်းသားများ

10:00 AM, 15 December

နွေရာသီမှာ နည်းပြသစ်က အသင်းခေါင်းဆောင်ရာထူးအတွက် အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ရီစီဂျိမ်းစ်ကိုသာ ဦးစားပေးရွေးချယ်ခဲ့ပြီး ဘန်ချီဝဲလ်က ဒုအသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရကာ ဘရာဇီးနိုင်ငံသားက ချန်လှပ်ခြင်းခံခဲ့ရတာက အနည်းငယ် အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ခံလူနှစ်ဦးဟာ ဒဏ်ရာကြောင့် အနားယူခဲ့ရပြန်ပါတယ်။ မယုံနိုင်လောက်အောင်ပါပဲ သူတို့ဟာ နောက်ဆုံးပရီးမီးယားလိဂ်ပွဲ ၈၀ မှာ ၇ ပွဲသာ အတူတူ စတင်ပွဲထွက်နိုင်ခဲ့ကြကာ အခြားကစားသမားတွေကသာ အသင်းခေါင်းဆောင်လက်ပတ်ကို ၀တ်ဆင်ခဲ့ရပါတယ်။

ပိုချက်တီနိုဟာ ဂျိမ်းစ်နှင့် ချီဝဲလ်တို့ မရှိတဲ့အချိန်တွင် အသင်းခေါင်းဆောင်ရာထူးအတွက် ပြည်တွင်းကစားသမား အများအပြားကို ရွေးချယ်ခဲ့ပြီး ဂယ်လာဂါနှင့် မကြာသေးမီအချိန်မှာ အသင်းခေါင်းဆောင်အဖြစ် လီဗိုင်းကိုဝဲလ်တို့က တာဝန်ယူခဲ့ပါတယ်။ The Guardian ရဲ့ဖော်ပြချက်အရ သီယာဂိုဆေးလ်ဗားအား အသင်းခေါင်းဆောင်အဖြစ် ပေးအပ်ရန် ဆန္ဒမရှိနေတဲ့ ပိုချက်တီနိုရဲ့အတွေးအမြင်ကို ချဲလ်ဆီးကစားသမားတွေက နားမလည်နိုင် ဖြစ်နေကြပါတယ်။

အသက် ၃၉ နှစ်အရွယ် ဆေးလ်ဗားဟာ အတွေ့အကြုံအရှိဆုံး ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတစ်ခုလုံးရဲ့ လေးစားမှုကိုရရှိထားသူဖြစ်ကာ အရင်က အေစီမီလန်၊ ပီအက်စ်ဂျီနဲ့ ဘရာဇီးလ်လက်ရွေးစင် အသင်းတို့မှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားခဲ့သူဖြစ်ပါတယ်။ ဆေးလ်ဗားထက် အသက် ၂၀ နှစ်အရွယ် ကိုဝဲလ်ထံ လက်ပတ်ကို လွှဲပြောင်းပေးခဲ့တာကြောင့် ပိုချက်တီနိုဟာ ဝါရင့်ကစားသမားကြီးအပေါ် လေးစားမှုမရှိဘူးလို့ အဝတ်လဲခန်းအတွင်း ပြောဆိုနေကြပါတယ်။

အသင်းရဲ့ခြေစွမ်ကောင်းမွန်ခြင်းမရှိသော်လည်း ကစားသမားတွေက နည်းပြအား ပံ့ပိုးကူညီနေကြကာ အသင်းခေါင်းဆောင် ပြဿနာဟာ အသင်းအားကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာများ စတင်လာခဲ့ပါတယ်။ ဆေးလ်ဗားဟာ စံပြခေါင်းဆောင်ဖြစ်သလို အတွေ့အကြုံအရှိဆုံး ကစားသမားအား လက်ပတ်မပေးအပ်ရခြင်း အကြောင်းရင်းကို အသင်းဖော်များက နားမလည်နိုင်ဖြစ်ကာ အချို့သော ကစားသမားတွေကတော့ ဒါဟာနည်းပြရဲ့ ဝါရင့်ကစားသမားကြီးအပေါ် လေးစားမှုကင်းမဲ့တယ်လို့ ထင်နေကြပါတယ်။

အသက်ငယ်တဲ့ ကစားသမားတွေ အထူးသဖြင့် ကစားခွင့်ပျောက်ဆုံးနေတဲ့ ကိုဝဲလ်ကစားသမားမျိုးကို အသင်းခေါင်းဆောင်ရာထူး ပေးထားကာ ကလပ်တွင် လမ်းညွှန်မှုကင်းမဲ့နေသလိုဖြစ်နေတယ်လို့ အချို့က ခံစားနေရခြင်းကြောင့် မပျော်ရွှင်မှုက ကြီးထွားလာခဲ့ပါတယ်။ ဆေးလ်ဗားကို လျစ်လျူရှုထားတဲ့အပေါ် မည်သည့်ပြဿနာမျှမရှိကြောင်း ပိုချက်တီနိုက ပြောကြားထားပြီး အသင်းခေါင်းဆောင်လက်ပတ်ကို ကိုဝဲလ်ထံ ပေးအပ်ရန် ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့ပါတယ်။

"လီဗိုင်းကို သိတဲ့သူတွေက သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ပုံစံကြောင့် အသင်းခေါင်းဆောင် ရာထူးကို ကိုင်တွယ်နိုင်တယ်ဆိုတာ သိပါတယ်" "သူက ကလပ်ကို ချစ်တယ်။ အကယ်ဒမီကနေရောက်လာပြီး လေးလ၊ ငါးလ လောက်ကြာတော့ လူတိုင်းက သူ့ကို လေးစားကြပါတယ်။ သူ့မှာ အသင်းခေါင်းဆောင်ဖြစ်ဖို့ ပရိုဖိုင်ရှိပါတယ်။ ကျွန်တော်တို့က ယနေ့အတွက် တစ်စုံတစ်ရာကို တည်ဆောက်နေသော်လည်း အနာဂတ်အတွက် လည်းဖြစ်ပါတယ်။ သူက ကလပ်ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ ကစားသမားပါ" "အတွေ့အကြုံရှိတဲ့ ကစားသမားတွေက အသင်းခေါင်းဆောင်တစ်ယောက်လို ပြုမူဖို့ လက်ပတ်ကို ဝတ်ဆင်ဖို့ မလိုအပ်ပါဘူး။ ဆုံးဖြတ်ချက်က တာဝန်ပေးခြင်းနှင့် သင်ယူခြင်းနဲ့သာ သက်ဆိုင်ပါတယ်။ သူ့အတွက်က အသင်းအတွက် တာဝန်ယူဖို့၊ သင်ယူဖို့ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပါပဲ" "ကျွန်တော်တို့က ငယ်ရွယ်တဲ့ ကလေးတွေကို ရင့်ကျက်တဲ့သူတွေ ဖြစ်လာစေချင်တယ်ဆိုရင်တော့ သူတို့ကို ယုံကြည်ဖို့ လိုပါတယ်။ ပြီးတော့ တိတ်တိတ်လေး ယုံကြည်ရုံတင်မဟုတ်ဘဲ ပါးစပ်ကနေပြောဆိုပြီး သူတို့ကို ယုံဖို့လိုပါတယ်" လို့ ပိုချက်တီက ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #သီယာဂို ဆေးလ်ဗား #ပိုချက်တီနို #ပရီးမီးယားလိဂ်